ကိုယ်ဝန်ဆောင်သည်ရဲ့ ခေါင်းထဲ သံချောင်းရိုက်သွင်းခဲ့တဲ့ အယုံသွင်းကုသသူကို ပါကစ္စတန်ရဲတပ်ဖွဲ့ ရှာဖွေနေ

10-2-2022-yyl08.jpg

ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ခေါင်းထဲကို သံချောင်းရိုက်သွင်းခဲ့တဲ့ အယုံသွင်းကုသသူတစ်ယောက်ကို ပါကစ္စတန်နိုင်ငံမှာ ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိပါတယ်။ အဲဒီအမျိုးသမီးဟာ သမီး ၃ ယောက် မွေးထားတဲ့ မိခင်ဖြစ်ပြီး မိန်းကလေးထပ်မွေးရင် ကွာရှင်းခံရမယ်လို့ ခင်ပွန်းက ခြိမ်းခြောက်ခဲ့ပါတယ်။ အယုံသွင်းကုသသူက အစွမ်းထက်တယ်လို့ အိမ်နီးချင်းတစ်ယောက်က ပြောချိန်မှာ အမျိုးသမီးက သားယောကျ်ားလေး လိုချင်လို့ သူ့ဆီကို သွားခဲ့တာပါ။ သားယောကျ်ားလေး လိုချင်ရင် ဦးခေါင်းခွံထဲကို ၂ လက်မ သံချောင်းရိုက်ထည့်ရမယ်လို့ အယုံသွင်းကုသသူက ပြောခဲ့ပြီး အဲဒီအတိုင်း လုပ်ခဲ့တာပါ။

အမျိုးသမီးဟာ သူ့ခေါင်းမှာ စိုက်ဝင်နေတဲ့ သံချောင်းကို ပလာယာနဲ့ဆွဲနုတ်ပေမဲ့ မရခဲ့လို့ ဆေးရုံကို ရောက်လာခဲ့တာပါ။ အစောပိုင်းက သူ့ဘာသာသူ သံချောင်း ရိုက်ထည့်ခဲ့တာလို့ ဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အကြောင်းစုံဖွင့်ပြောခဲ့တာပါ။ ဦးခေါင်းဒဏ်ရာ x-ray ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ” သူက ကိုယ်ဝန် ၃ လ ရှိနေပါပြီ။ သူ့ယောကျ်ားကို ကြောက်လို့ အယုံသွင်းကုသသူထံ သွားခဲ့တာပါ” လို့ Lady Reading ဆေးရုံရဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အာရှတောင်ပိုင်းက ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာ သမီးတွေထက်စာရင် သားယောကျ်ားလေးတွေက ရေရှည်မှာ မိဘတွေအတွက် ငွေကြေးအဆင်ပြေစေလိမ့်မယ်လို့ ယူဆကြလေ့ရှိပါတယ်။ ဒါကြောင့်လည်း အယုံသွင်းကုသသူတွေရဲ့သားကောင်ဖြစ်သူတွေ ပိုများလာခဲ့တာပါ။ အပြစ်မဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသက်ကို ကစားစရာလို သဘောထားခဲ့ပြီး ယောကျ်ားလေးမွေးမယ်ဆိုတဲ့ လိမ်ညာကတိပေးမှုနဲ့ ဦးခေါင်းခွံထဲ သံရိုက်သွင်းခဲ့သူကို တရားဥပဒေရှေ့မှောက်ခေါ်ဆောင်နိုင်ဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ပက်ရှာဝါမြို့ရဲမှူးချုပ် အက်ဘက်အာဆန်က ပြောပါတယ်။

ဦးခေါင်းခွံထဲက သံချောင်းကို ဖယ်ရှားပြီးချိန်မှာ ဆေးရုံကနေ ဆင်းသွားတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြပါတယ်။ အဲဒီအမျိုးသမီးကို တွေ့ရင် အယုံသွင်းကုသသူကို ခွဲခြားဖော်ထုတ်နိုင်ဖို့ ပိုလွယ်လိမ့်မယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေကြပါတယ်။ အဲဒီအမျိုးသမီး ဆေးရုံလာတက်ချိန်ကတည်းက ဒီအကြောင်းကို ရဲတပ်ဖွဲ့ထံ ဘာကြောင့်သတင်းမပို့ခဲ့တာလဲဆိုတာ သိရဖို့လည်း ဆေးရုံဝန်ထမ်းတွေကို မေးမြန်းသွားမယ်လို့ အာဆန်က ပြောပါတယ်။

Ref: BBC “Pakistan: Police hunt for ‘healer’ who hit nail into woman’s head”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top