မောပြီး ခဏတာအသက်ရှုမဝသလိုခံစားရရင် သက်သာသွားစေမယ့်နည်းလမ်းများ

5-10-2021yyl04.jpg

လှေကားအတက်အဆင်းလုပ်ပြီးရင် ဒါမှဟုတ်) ပစ္စည်းအလေးကြီးတွေ သယ်ပြီးရင် မောပြီး ခဏတာ အသက်ရှုမဝသလို ကျွန်တော်တို့အများစု ကြုံဖူးကြတယ်မလား။ မောပြီး အသက်ရှုမဝသလို ခံစားရတာက လှေကားအတက်အဆင်းအပြင် အေးမြတဲ့ရာသီဉတု၊ ကိုယ်အလေးချိန်များတာနဲ့ ကျန်းမာရေးအခြေအနေစတဲ့ အကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီပြဿနာက တချို့လူတွေအတွက် ယာယီပါပဲ။ ပြီးရင် သက်သာသွားကြပါတယ်။ မောပြီး အသက်ရှုမဝသလို ခံစားရရင် သင်ကိုယ်တိုင် လုပ်ကြည့်လို့ရတဲ့နည်းလမ်းတချို့ရှိပါတယ်။ ဒါပေမဲ့ မကြာခဏ မောပြီး အသက်ရှုမဝသလို ခံစားနေရတဲ့သူတွေကတော့ ဆရာဝန်ပြကြည့်သင့်ပါတယ်။

ချင်း (ဂျင်း) ပြုတ်ရည်

ချင်းပြုတ်ရည်က အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာသွားအောင် ကူညီပေးပါတယ်။ ချင်းရဲ့ရောင်ရမ်းမှုကိုတွန်းလှန်ပေးတဲ့ ဂုဏ်သတ္တိတွေက အဆုတ်မှာ ရောင်ရမ်းနေတာကို လျော့ချပေးတဲ့နေရာမှာ အစွမ်းထက်ပါတယ်။ သင်က စိတ်ဖိစီးမှုကို ခံစားရရင်၊ မောပြီး ခဏတာအသက်ရှုမဝရင် ချင်းပြုတ်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။

ဘလက်ခ်ကော်ဖီ

ဘလက်ခ်ကော်ဖီက လေလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတင်းရင်းတာတွေကို လျော့ချပေးနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိတဲ့သူတွေအတွက် ကောင်းပါတယ်။ ဘလက်ခ်ကော်ဖီက အဆုတ်ရဲ့လုပ်ဆောင်ချက်ကို တိုးတက်စေပြီး အသက်ရှုမဝတာကနေ ကောင်းလာအောင် ကူညီပေးပါတယ်။

နံရံမှီပြီး မတ်တပ်ရပ်နေပါ

နံရံကိုမှီပြီး မတ်တပ်ရပ်၊ တင်ပါးကိုလည်း နံရံနဲ့ထိနေပါစေ။ ခြေထောက်တွေကိုလည်း နည်းနည်းကားထားပါ။ လက်တွေကို ပေါင်ပေါ်တင်ထားပါ။ ပခုံးတွေကို ဖြေလျော့ထားပြီး ရှေ့ကို နည်းနည်းကိုင်းကာ လက်မောင်းတွေ ရှေ့ရောက်နေပါစေ။ ဒီနည်းက မောပြီး အသက်ရှုမဝသလိုခံစားရရင် သက်သာသွားစေနိုင်ပါတယ်။

နှုတ်ခမ်းစူပြီးလုပ်ရတဲ့ အသက်ရှုလေ့ကျင့်ခန်း

နှုတ်ခမ်းစူပြီး လေရှုသွင်းရှုထုတ်လုပ်ရတဲ့ အသက်ရှုလေ့ကျင့်ခန်းက အသက်ဝဝရှုနိုင်အောင် ကူညီပေးပါတယ်။ ဒီလေ့ကျင့်ခန်းကို ဘယ်လိုလုပ်ရမလဲဆိုရင် ကြမ်းပေါ် တင်ပ္ပလင်ခွေထိုင်ချလိုက်ပါ။ ကျောကို ဆန့်ထားပါ။ ပါးစပ်ကနေ လေကို (၄-၅) စက္ကန့်ကြာအောင် ရှုသွင်းထားလိုက်ပါ။ နှုတ်ခမ်းကိုစူထားပြီး (၄) စက္ကန့်လောက် ရှုထုတ်လိုက်ပါ။ ဒါကို (၁၀-၁၅) ကြိမ်လောက် ပြုလုပ်ပါ။

ထိုင်ပြီး ရှေ့ကိုနည်းနည်းကုန်းထားပါ

ထိုင်ပြီး အနားယူတာကလည်း သင့်ကို သက်တောင့်သက်သာဖြစ်စေပြီး အသက်ရှုရတာကောင်းစေပါတယ်။ ထိုင်ခုံတစ်ခုပေါ် ထိုင်ချလိုက်ပါ။ သင့်ခြေထောက်တွေကို ကြမ်းပြင်နဲ့ ထိနေပါစေ။ ပြီးရင် ရှေ့ကို နည်းနည်းကုန်းပြီး တံတောင်ဆစ်တွေကို ဒူးပေါ်တင်ကာ လက်တွေနဲ့ သင့်မေစေ့ကို ထိန်းထားပါ။ လည်ပင်းနဲ့ ပခုံးတွေကိုလည်း ဖြေလျော့ထားရမှာဖြစ်ပါတယ်။

Ref: Five home remedies to treat breathlessness

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top