(၅) မိနစ်စာ ရုပ်ရှင်ကြည့်ခဲ့လို့ မြောက်ကိုရီးယားဆယ်ကျော်သက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်

2-12-2021yyl2.png

မြောက်ကိုရီးယားနိုင်ငံက ဆယ်ကျော်သက်တစ်ယောက်ဟာ ရုပ်ရှင်ကားတစ်ကားကို (၅) မိနစ်စာ ကြည့်ခဲ့တဲ့အတွက် ထောင်ဒဏ် (၁၄) နှစ် ချမှတ်ခံခဲ့ရတယ်လို့ တောင်ကိုရီးယားအခြေစိုက်သတင်းဌာန Daily NK က ထုတ်ပြန်ထားပါတယ်။

ယန်ဂန်စီရင်စုမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် အဲဒီဆယ်ကျော်သက်က တောင်ကိုရီးယားဇာတ်ကား The Uncle ကို ကြည့်ရှုခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ အဲဒီဇာတ်ကားကို (၅) မိနစ်စာလောက်ကြည့်နေစဉ်အတွင်း အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ “(၇) ရက်နေ့က ဟေဆန်းမြို့အလယ်တန်းကျေင်းက (၁၄) နှစ် ကျောင်းသားတစ်ယောက် တောင်ကိုရီးယားဇာတ်ကား The Uncle ကြည့်နေစဉ် အဖမ်းခံခဲ့ရတယ်။ ဇာတ်ကားကြည့်တာ (၅) မိနစ်စာပဲ ရှိသေးတဲ့အချိန်မှာ အဖမ်းခံလိုက်ရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၄) နှစ် ချမှတ်ခံခဲ့ရတယ်”လို့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ Daily NK ကို အရင်းအမြစ်တစ်ခုက ပြောခဲ့တာပါ။

အခုလအတွင်းမှာ တောင်ကိုရီးယားဇာတ်ကားတွေ ကြည့်လို့ ဆယ်ကျော်သက်တွေ ထောင်ဒဏ်ချမှတ်ခံရတာ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ အခုလထဲမှာပဲ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များနာမည်ကြီးနေတဲ့ တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Squid Game ကို ကြည့်ရှုခဲ့လို့ အထက်တန်းကျောင်းသား (၇) ဉီး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါသေးတယ်။ Squid Game ဇာတ်လမ်းတွဲ ထည့်ထားတဲ့ USB ကို နိုင်ငံအတွင်း ယူဆောင်လာသူတွေကို သေဒဏ်ပေးပြီး အဲဒီUSB ကို ဝယ်ခဲ့တဲ့ ကျောင်းသားကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။ သူနဲ့အတူတူကြည့်ခဲ့တဲ့ ကျောင်းသားတွေကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ အမေရိကန်လို နိုင်ငံတွေက ထုတ်ကုန်တွေ စားသုံးတာ (သို့) တင်သွင်းတာတွေကို တားမြစ်ပိတ်ပင်ထားတဲ့အတွက် အခုလိုအပြစ်ဒဏ်တွေခံခဲ့ရတာဖြစ်ပါတယ်။ တောင်ကိုရီးယားရုပ်ရှင်တွေ၊ အသံသွင်းထားတာတွေ၊ စာအုပ်တွေ၊ သီချင်းတွေ၊ ပန်းချီကားတွေ၊ ဓာတ်ပုံတွေကို တိုက်ရိုက်ကြည့်ရှုတဲ့၊ နားထောင်တဲ့၊ သိမ်းဆည်းထားတဲ့ သူတွေအတွက် အပြစ်ဒဏ်ကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၅) နှစ်အထက် နဲ့ (၁၅) နှစ်ထက်မနည်း သတ်မှတ်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံသားတွေက သူတို့စိတ်ကြိုက်ဖက်ရှင်ကို ဝတ်ဆင်ရင်လည်း အပြစ်ပေးခံရနိုင်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သူနဲ့ အခြားဂုဏ်သရေရှိလူကြီးတွေ သားရေကုတ်အင်္ကျီဝတ်ဆင်တာကို နိုင်ငံသားတွေ မြင်တွေ့ပြီး သူ့စတိုင်မျိုး အတုခိုးတာ၊ လိုက်ဝတ်ဆင်တာမျိုးတွေ ရပ်တန့်စေချင်တယ်လို့လည်း ဆိုထားပါတယ်။

Ref: Ladbible “North Korean Teen Sentenced To 14 Years In Jail For Watching Five Minutes Of Film”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top