ဘယ်သူကမှ မလိုချင်ခဲ့ကြတဲ့ ခွေးလေးက သူ့သခင်အသစ်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ဖြစ်ရပ်

25-2-2021-yyl29.jpg

နယူးဂျာဇီပြည်နယ်က The Ramapo Bergen Animal Refuge ဆိုတာက တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတစ်ခုပါ။ အဲဒီဂေဟာရဲ့ရည်ရွယ်ချက်က သွားစရာနေရာမရှိတဲ့တိရစ္ဆာန်လေးတွေကို ခေါ်ထားဖို့ပါပဲ။ အဲဒီတိရစ္ဆာန်တွေထဲမှာ ဆာဒီ (Sadie) ဆိုတဲ့ ခွေးမလေးလည်း ပါဝင်ပါတယ်။ ဆာဒီဟာ အလေးချိန် ပေါင် ၁၀၀ နီးပါးရှိပြီး လူသားတွေနဲ့ အဆင်ပြေလေ့မရှိပါဘူး။ ဒါကြောင့် သူ့ကို အခြားတိရစ္ဆာန်ဂေဟာ (၃) ခုက အဝေးကို ပို့ပစ်ခဲ့ကြပါတယ်။ ဘယ်သူကမှမလိုချင်တဲ့ ဆာဒီကို မွေးစားခဲ့သူကတော့ ဘရိန်ရန် အန်ယာ (Brian Myers) ဆိုသူပါပဲ။

ဘရိန်ရန်က ဆာဒီဟာ လှပတဲ့ခွေးလေးဖြစ်တဲ့အတွက် အခွင့်အရေးတစ်ခုလောက် ပေးတယ်လို့လည်း တွေးခဲ့တာပါ။ ဆာဒီရဲ့ပြဿနာတွေကို သူဖြေရှင်းနိုင်မယ်လို့လည်း တွေးထားခဲ့တာပါ။ အစကတော့ သူက ဆာဒီကို ကယ်တင်နေတာလို့ ထင်ခဲ့ပါတယ်။ တကယ်တော့ သူဟာ သူ့အသက်ကို ကယ်တင်ပေးမယ့်သူကို ကယ်တင်နေခဲ့တာပါ။ ဆာဒီဟာ သူ့အသက်ကို ကယ်တင်ပေးခဲ့လို့ပါပဲ။

“ကျွန်တော် လေဖြတ်ခဲ့တဲ့ညက သူရှိနေတဲ့အတွက် ကျွန်တော်အရမ်းကံကောင်းခဲ့ပါတယ်။ ကျွန်တော် အိပ်ရာက ထလိုက်ချင်းမှာပဲ ကျွန်တော် လဲကျသွားခဲ့တယ်။ ကျွန်တော်ရဲ့ဖုန်းကလည်း အနီးနားမှာမရှိခဲ့ဘူး။ ကျွန်တော် ဆာဒီရဲ့လည်ပတ်ကြိုးကို ဆုပ်ကိုင်လာတဲ့အချိန်မှာ ဖုန်းဆီရောက်အောင် ကျွန်တော်ကို ဆွဲခဲ့တာပါ” လို့ ဘရိန်ရန်က ပြောပါတယ်။ ဆာဒီကို ဝန်ဆောင်မှုပေးနိုင်မယ့်ခွေးအဖြစ် ဘယ်တုန်းကမှ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ဆာဒီဟာ ဘရိန်ရန်နောက် တစ်ကောက်ကောက်လာလေ့ရှိပါတယ်။ ဆာဒီကို ဘရိန်ရန် လိုအပ်ခဲ့တဲ့ညက ဘေးမှာ ရှိနေခဲ့တာက သက်သေပြနေပါတယ်။ အဲဒီညက ဘရိန်ရန်က Englewood Health ဆေးရုံမှာ တက်ရောက်ခဲ့ရပြီး ဆေးကုသမှုခံယူဖို့အတွက် (၂) ပတ် နေခဲ့ရပါတယ်။ သူ ဆေးရုံက မဆင်းခင် အရမ်းကျေးဇူးတင်စရာကောင်းတဲ့ဧည့်သည်တစ်ယောက်အလည်လာခဲ့ပါတယ်။ အဲဒါကတော့ ဆာဒီပါပဲ။ ဆာဒီဟာ သူ့သခင်အပေါ် ချက်ချင်းပြေးခုန်တတ်ခဲ့ပြီး သူ့မျက်နှာကို နမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘရိန်ရန်ဟာ သူ့ခွေးလေးကို ချစ်တယ်ဆိုတာ တွေးမိခဲ့ပါတော့တယ်။

Ref: CBSNews “Rescue dog that nobody wanted saves life of new owner”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top