လက်နှစ်ဖက် မရှိပေမယ့် ခြေထောက်နှစ်ဖက် နဲ့ ပန်းထိုးတတ်သူ

talented.jpg

ဇာထိုး၊ ပန်းထိုးအတတ်က အနုစိတ်လို့ လက်ရာမြောက်တဲ့ ဇာထိုး၊ ပန်းထိုး ကားချပ်တွေ ထိုးနိုင်ဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ လက်နှစ်ဖက် ပြတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ဦးဟာ ခြေထောက်တွေကို အသုံးပြုပြီး ပန်းထိုးကားချပ်တွေ ဖန်တီးနိုင်တာကြောင့် လူမှုကွန်ယက်မှာ ကျော်ကြားနေပါတယ်။

ရှီအော်လူဟာ အသက် ၅နှစ်အရွယ်မှာ ဗို့အားပြင်းတဲ့ လျှပ်စစ်လိုင်းမှာ ဓာတ်လိုက်ခံရတာကြောင့် လက်နှစ်ဖက်လုံး လက်မောင်းလောက်က ဖြတ်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ ရှီအော်လူဟာ ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပြီး တစ်ခုခုကို လုပ်ဖို့ စိုးရိမ်ကြောက်ရွံ့နေခဲ့ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း နှစ်တွေ ကြာလာပြီး သူ့ရဲ့အဖြစ်ဆိုးကို တစ်စစ မေ့ဖျောက်လာနိုင်ချိန်မှာ ရှီအော်လူက ထမင်းစားတာ၊ အဝတ်အစား ဝတ်တာစတဲ့ ကိစ္စတွေမှာ သူ့ခြေထောက်တွေကိုစမ်းပြီး အသုံးပြုခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်မှာ ရှီအော်လူဟာ သူ့ပတ်ဝန်းကျင်က ဇာထိုး၊ ပန်းထိုး လုပ်နေတာကို တွေ့ပြီး ပန်းထိုးရတာကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါက သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တာပါ။ ရှီအော်လူက အိမ်နီးချင်းထံကနေ ဇာထိုး၊ ပန်းထိုး အတတ်ကို သင်ယူခဲ့ပြီး ပန်းထိုးဖို့အတွက် လိုအပ်တဲ့ ကိရိယာတွေ ဝယ်ပြီး အိမ်မှာ လေ့ကျင့်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ အပ်ကို ခြေချောင်းတွေနဲ့ ညှပ်ပြီး ပန်းထိုးရတာ သူ့အတွက် တော်တော်ခက်ခဲခဲ့ပါတယ်။ အပ်ကို ညှပ်ထားရလို့ ခြေချောင်းတွေ နာကျင်ခဲ့ပြီး အပ်ကို ဘယ်လိုထိန်းရမယ်ဆိုတာလည်း မသိခဲ့ပါဘူး။

ဒါပေမဲ့ နောက်သုံးနှစ်အကြာမှာတော့ ရှီအော်လူဟာ ပန်းထိုး အတတ်ကို တတ်မြောက်ခဲ့ပြီး ခြေထောက်နှစ်ဖက်နဲ့ ထိုးထားတဲ့ ပန်းထိုး ကားချပ်တွေကို တရုတ်နိုင်ငံ အနှံ့အပြားမှာ လိုက်လံရောင်းချခဲ့ပါတယ်။ ပထမဆုံး စရောင်းတဲ့ နေရာက ရှန်ဟိုင်းမြို့ လမ်းမထက်မှာပါ။ အဲဒီမှာ စိတ်ကောင်း ရှိသူတစ်ဦးက ရှီအော်လူရဲ့ ပန်းထိုး ကားချပ်တစ်ချပ်ကို ယွမ် ၁၀၀၀ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ သူ့ရဲ့ ပန်းထိုးကားချပ်ကို တန်ဖိုးထားပြီး ဝယ်ယူခဲ့တာက ရှီအော်လူကို စိတ်ခွန်အားဖြည့်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။

ရှီအော်လူက သူ့ဘ၀ ရေတို၊ ရေရှည် စီမံကိန်းချမှတ်ထားပြီး —- ရေတိုစီမံကိန်းက သူ့အမေအတွက် အဝတ်လျှော်စက် ဝယ်ပေးနိုင်အောင် ပိုက်ဆံစုဖို့ဖြစ်ပြီး ရေရှည်စီမံကိန်းကတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဖြစ်လာစေဖို့နဲ့ ချစ်သူတစ်ယောက်ရဖို့လို့ သိရပါတယ်။

သင်ခန်းစာ ——– မပိုင်ဆိုင်တဲ့ အရာတွေအတွက် စိတ်ပျက်အားငယ်နေမယ့်အစား ကိုယ် ပိုင်ဆိုင်ထားတဲ့အရာတွေကို အကောင်းဆုံး အသုံးချနိုင်အောင် ကြိုးစားပြီး ဘဝကို အရှုံးမပေးဘဲ ဖြတ်သန်းဖို့ပါပဲ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top