ဟက်ထရစ်မယူဘဲ ရက်ရှ်ဖို့ဒ်ကို ပေးကန်ခဲ့တဲ့အကြောင်းရင်းကို ဖာနန်ဒက်စ် ထုတ်ပြော

25-11-2020-yyl-017.jpg

အစ္စတန်ဘူလ်ဘာဆက်ဆီဟာကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟက်ထရစ်ဂိုး ရနိုင်တဲ့ ပင်နယ်တီကို ကိုယ်တိုင်မကန်ဘဲ ရက်ရှ်ဖို့ဒ်ကို ကန်ခွင့်ပေးခဲ့တဲ့ အကြောင်းရင်းကို မန်ယူကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်က ထုတ်ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပွဲချိန် (၇)မိနစ်မှာ ဧရိယာထိပ် မြေမကျကန်ချက်နဲ့ မန်ယူအတွက် အဖွင့်ဂိုးသွင်းခဲ့သလို ပွဲချိန် (၁၉)မိနစ်မှာ ဘာဆက်ဆီဟာ ဂိုးသမားရဲ့အမှားကနေ ဒုတိယဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။

ပွဲချိန်(၃၅)မိနစ်မှာ ရက်ရှ်ဖို့ဒ်ကြောင့် မန်ယူအသင်း ပင်နယ်တီကန်ခွင့်ရခဲ့ချိန်မှာ ဖာနန်ဒက်စ်က ဘောလုံးကို ကောက်ယူခဲ့ပါတယ်။ ဖာနန်ဒက်စ်က မန်ယူမှာ ပင်နယ်တီ ပင်တိုင်ကန်သွင်းနေသူပါ။ ဒါပေမဲ့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီကို အတည်ပြုလိုက်ချိန်မှာ ရက်ရှ်ဖို့ဒ်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။

” ကစားသမားတိုင်း ဟက်ထရစ်သွင်းချင်ကြပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားပြီးတော့ နောက်တစ်ခါ ပင်နယ်တီရရင် မင်းကို ပေးကန်မယ်လို့ ရက်ရှ်ဖို့ဒ်ကို ကျွန်တော် ပြောခဲ့တာ မှတ်မိနေတယ်။ သူက ချန်ပီယံလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ပါ။ သူ့အတွက် ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ အသင်းအတွက် ဂိုးသွင်းနိုင်မယ်ဆိုရင် ပင်နယ်တီကို ဘယ်သူ ကန်ကန် ကိစ္စမရှိပါဘူး”လို့ ဖာနန်ဒက်စ်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ မန်ယူအတွက် စတင်ကစားခဲ့တဲ့ ဖာနန်ဒက်စ်ဟာ မန်ယူအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၅)ပွဲ ကစားရာမှာ (၃၄) ဂိုးစွမ်းဆောင် ( ၂၁ ဂိုးသွင်း၊ ၁၃ ဂိုးဖန်တီး) နိုင်ခဲ့ပြီး အဲဒီကာလအတွင်း ဒုတိယစွမ်းဆောင်ရည်အကောင်းဆုံး မန်ယူကစားသမားထက် ၁၆ ဂိုး ပိုစွမ်းဆောင်ထားတာ တွေ့ရပါတယ်။

Ref: Goal ” Man Utd star Fernandes reveals why he passed up a hat-trick to give penalty to Rashford”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top