ကမ္ဘာ့အကြီးဆုံးချောကလက်စက်ရုံမှာ salmonella ဘတ်တီးရီးယား (အစာအဆိပ်သင့်စေတဲ့ပိုး) တွေ့ရှိခဲ့ပြီးနောက် ချောကလက်ထုတ်လုပ်မှု ရပ်တန့်လိုက်ရပါတယ်။ ဒီစက်ရုံက Hershey၊ Mondelez၊ Nestle နဲ့ Unilever အပါအဝင် နိုင်ငံစုံဖောက်သည်တွေဆီ ချောကလက်တွေ တင်သွင်းနေတာပါ။ ဆွစ်ဇလန်ကုမ္ပဏီကြီး Barry Callebaut က ဒီစက်ရုံကို ဘယ်လ်ဂျီယမ်နိုင်ငံ၊ Weize မြို့လေးမှာ လည်ပတ်ပြီး ဖောက်သည် ၇၃ ဦးအတွက် ချောကလက်အရည်တွေ ထုတ်လုပ်ပြီး လက်ကားရောင်းချနေတာပါ။
မသန့်ရှင်းတဲ့ ချောကလက်ကို လက်ခံရရှိတဲ့ ဖောက်သည်တွေအားလုံးကို အဆက်အသွယ်လုပ်ရလိမ့်မယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေအားလုံးကို ပိတ်ပင်ထားပြီး Wieze မှာ ချောကလက်ထုတ်လုပ်မှုကို နောက်ထပ်သတိပေးချက်မထုတ်ပြန်မချင်း ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ မသန့်ရှင်းဘူးဆိုတဲ့ ထုတ်ကုန်တွေအားလုံးက စက်ရုံမှာ ရှိနေသေးတယ်လို့ Barry Callebaut ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကုမ္ပဏီက ဖောက်သည်တွေအားလုံးကို ဆက်သွယ်ထားပြီး Wieze စက်ရုံကနေ ဇွန်လ ၂၅ ရက်နေ့ကတည်းက ဝယ်ယူခဲ့တဲ့ ချောကလက်ရည်နဲ့ ပြုလုပ်ထားတဲ့ ချောကလက်ထုတ်ကုန်တွေကို မတင်ပို့ဖို့ တောင်းဆိုခဲ့ပါတယ်။
Wieze စက်ရုံက ချောကလက်တွေလုပ်ပြီး စာသုံးသူတွေဆီ တိုက်ရိုက်ရောင်းတာမဟုတ်ပါဘူး။ စက်ရုံက ချောကလက်အရည် လက်ကားရောင်းခဲ့တဲ့ ဖောက်သည်တွေ လုပ်တဲ့ မသန့်ရှင်းတဲ့ ထုတ်ကုန်တွေက ဆိုင်တွေပေါ်ရောက်ပြီးသွားပြီလို့ မယုံကြည်ကြောင်း ကုမ္ပဏီက ပြောပါတယ်။
ဘယ်လ်ဂျီယံရဲ့ စားနပ်ရိက္ခာဘေးကင်းရေးအေဂျင်စီ AFSCA ကို အကြောင်းကြားထားပြီး စုံစမ်းစစ်ဆေးမှုလုပ်မှာဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုကာလက ၃ လကြာမြင့်မှာဖြစ်ပါတယ်။ Barry Callebaut က ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နှစ်စဥ်ရောင်းအားတန်ချိန် ၂.၂ သန်းနဲ့ ကမ္ဘာ့နံပါတ်တစ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်တွေအတွင်း ဇူးရစ်မြို့မှာ ရုံးချုပ်တည်ရှိတဲ့ Barry Callebaut က အမြတ်ငွေအားဖြင့် ဆွစ်ဇလန် ဖရန့်ငွေ ၃၈၄.၅ သန်း ကိုရရှိခဲ့ပါတယ်။ ဝန်ထမ်း ၁၃၀၀၀ ကျော် ခန့်ထားပြီး ကမ္ဘာတစ်ဝှမ်းမှာ ထုတ်လုပ်ရေးဆိုဒ် ၆၀ ကျော်ရှိပါတယ်။
Ref: CBSNews & Metro “Salmonella found in world’s biggest chocolate plant”
WL ( ရိုးရာလေး )