ဖက်ဒါရာရဲ့ ဂရင်းစလင်းဆုဖလားစံချိန်ကို အမီလိုက်ဖို့ကြိုးစားမယ့် ဂျိုကိုဗစ်

67318483_2483402961690609_5136003084618563584_n.jpg

ရော်ဂျာဖက်ဒါရာရဲ့ ဂရင်းစလင်းဆုဖလားစံချိန်ကို အမီလိုက်ဖို့ကြိုးစားချိန်မှာ အသက်အရွယ်က သူ့အတွက် အဟန့်အတားမဟုတ်ဘူးလို့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ပြောပါတယ်။ ဂျိုကိုဗစ်ဟာ ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲဗိုလ်လုပွဲမှာ ဖက်ဒါရာကို အကြိတ်အနယ်ကစားပြီး ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

(၄) နာရီ (၅၇) မိနစ်ကြာမြင့်ခဲ့တဲ့အဲဒီပွဲစဉ်ဟာ ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတွေထဲမှာ အချိန်အကြာဆုံးပွဲစဉ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ တစ်ယောက် (၂) ပွဲစီအနိုင်ရထားပြီး နောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်မှာ ဖက်ဒါရာက (၈-၇) ဖြစ်နေတုန်း တစ်မှတ်ရတာနဲ့ နိုင်ပွဲရမယ့်အခြေအနေ (၂) ကြိမ်တိုင်တိုင်ကြုံခဲ့ပေမဲ့ ဂျိုကိုဗစ်က ပြန်ဆယ်နိုင်ခဲ့ပြီး (၁၂-၁၂) အထိအမှတ်တူအောင် လိုက်ရိုက်နိုင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် (tie-break) အမှတ်တူဖြစ်နေတဲ့ (၂) ကြိမ်လုံးအနိုင်ရခဲ့တဲ့ ဂျိုကိုဗစ်ဟာ (၁၂-၁၂) နဲ့ အမှတ်တူချိန်မှာလည်း နိုင်ပွဲထပ်ယူပြီး ဖက်ဒါရာကိုအနိုင်ယူခဲ့တာပါ။

လာမယ့်လမှာ အသက် (၃၈) နှစ်ပြည့်တော့မယ့် ဖက်ဒါရာက ဂရင်းစလင်းဆုဖလား (၂၀) ဆွတ်ခူးထားပြီး အသက် (၃၂) နှစ်အရွယ်ရှိတဲ့ ဂျိုကိုဗစ်ကတော့ ဂရင်းစလင်းဆုဖလား (၁၆) လုံး ဆွတ်ခူးထားပါတယ်။ ဂျိုကိုဗစ်ထက် တစ်နှစ်ကြီးတဲ့ စပိန်တင်းနစ်သမား နာဒယ်ကတော့ ဂရင်းစလင်းဆုဖလား (၁၈) လုံးဆွတ်ခူးထားပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြား လက်စွမ်းကျခဲ့တဲ့ ဂျိုကိုဗစ်ဟာ နောက်ဆုံးကျင်းပတဲ့ဂရင်းစလင်းပြိုင်ပွဲ (၅) ရပ်အနက် ပြိုင်ပွဲ (၄) ရပ်မှာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီး နာဒယ်နဲ့ ဖက်ဒါရာကို အမီလိုက်နိုင်မယ့်အလားအလာရှိနေပါတယ်။ သူတို့ (၃) ယောက်က တစ်ယောက်ကိုတစ်ယောက် ပိုပြည့်စုံတဲ့ကစားသမားဖြစ်လာအောင် တွန်းအားပေးနေပြီး လက်ရှိအချိန်အထိ ဒီလိုလက်စွမ်းမျိုးကစားနေနိုင်တာ ဖက်ဒါရာနဲ့ နာဒယ်တို့ကြောင့်လို့ ဂျိုကိုဗစ်က ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top