ရေနစ်နေတဲ့ ကလေးငယ်ကို အသက်စွန့်ကယ်တင်ပေးခဲ့သူ ဂုဏ်သတင်းကြီးမားတဲ့ ကာနက်ဂျီဆု ရရှိ

29.12.23-yyl-4.jpg

ရေနစ်နေတဲ့ ကလေးငယ်ကို အသက်စွန့်ကယ်တင်ပေးခဲ့တဲ့ အမျိုးသားဟာ မြောက်အမေရိကတိုက်မှာ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ ကာနက်ဂျီဆု ချီးမြှင့်ခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ ဆီယက်တယ်မြို့မှာ နေထိုင်တဲ့ ဘင်ဂျမင်ရမ်ဆေးဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ဂရင်းရေကန်ရဲ့ တံတားတစ်ခုပေါ် ထိုင်နေတုန်း ကလေးငယ်တစ်ယောက် အော်ဟစ်အကူအညီတောင်းသံကို ကြားခဲ့ရတာပါ။ ကလေးငယ်ဟာ ရေကန်ထဲမှာ ရေကူးနေရင်း ကမ်းစပ်ကနေ ပေ ၈၀ ဝေးတဲ့နေရာမှာ ရေနစ်ပြီး မြုပ်ချီပေါ်ချီ ဖြစ်နေပါတယ်။

မတ်တတ်ရပ် လှော်လှေငယ်(paddleboard) စီးသူဖြစ်တဲ့ ရမ်ဆေးက ကလေးငယ်ရှိရာဆီ လှေလှော်သွားခဲ့ပါတယ်။ အပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက်သာရှိပြီး အေးနေတဲ့ ရေထုထဲမှာ ရမ်ဆေးက ရေအောက်ထဲကို ကောင်းကောင်းမမြင်ရတဲ့အတွက် ၁၅ ပေအနက်ရှိတဲ့ ရေကန်အောက်ခြေကို ရေငုပ်ပြီး ကလေးငယ်ကို ရှာဖွေခဲ့တာပါ။ သတိလစ်နေတဲ့ ကလေးငယ်ကို ရေပေါ်ဆွဲတင်နိုင်ချိန်မှာ သူ့ရဲ့လှော်လှေငယ်က အဝေးကို မျောသွားခဲ့ပါပြီ။

ဒါကြောင့် ရမ်ဆေးက ကလေးငယ်ကို ပွေ့ပိုက်ကာ ကမ်းစပ်ရောက်အောင် ပြန်ကူးခပ်ရပါတယ်။ ဒါပေမဲ့ သူ့ခေါင်းရော၊ ကလေးငယ်ခေါင်းပါ ရေပေါ်ပေါ်နေအောင် ကူးခပ်ဖို့ အခက်တွေ့ခဲ့ပြီး လှော်လှေငယ်စီး အမျိုးသမီးတစ်ဦးက သူ့ကို လာကူညီပေးခဲ့ပါတယ်။ အဲဒီနောက် ကလေးငယ်ကို ဆေးရုံပို့ခဲ့ပြီး ဆေးရုံအရောက်မှာတော့ ကလေးငယ်က သတိပြန်လည်လာခဲ့ပါတယ်။ ရမ်ဆေးဟာ အအေးဒဏ် ခံစားနေရပြီး ပင်ပန်းနွမ်းနယ်နေပေမဲ့ ဆေးကုသမှုတော့ ခံယူခဲ့ရခြင်းမရှိပါဘူး။

ကာနက်ဂျီဆုကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အန်ဒရူးကာနက်ဂျီက ၁၉၀၄ ခုနှစ် ဧပြီလ ၁၅ ရက်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ ကိုယ်ကျိုးစွန့် ကူညီပေးတဲ့ သူရဲကောင်းတွေကို ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

Ref: Seattle Resident Awarded Carnegie Medal For Green Lake Rescue

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top