လောဘကို အနားသတ်ဖို့ မေ့လျော့ခဲ့သူ

2-6-2022-yyl09.jpg

ဆမ်နဲ့ တွမ်က အမြွှာညီအစ်ကိုတွေပါ။ ရုပ်ချင်းတူလွန်းလို့ သူတို့အမေတောင် မနည်းခွဲယူရတယ်။ ရုပ်ချင်းတူပေမဲ့ စိတ်ဓာတ်ချင်းတော့ ကွာခြားတယ်။ ဆမ်က ပျော်ပျော်နေတယ်၊ စေတနာကောင်းတယ်၊ တစ်ကိုယ်ကောင်းမဆန်ဘူး၊ အချိုကြိုက်တယ်၊ အမေ့ရဲ့အချစ်တော်ပေါ့။ တွမ်ကတော့ ဒေါသ၊ လောဘကြီးတယ်။ မတည့်သူပေါတယ်၊ အစပ်ကြိုက်တယ်၊ အဖေ့အချစ်တော်ပါ။

သူတို့ ၂ ယောက် အရွယ်ရောက်လာချိန်မှာ အဖေက သူတို့ ၂ ယောက်ကို အမွေ အညီအမျှ ခွဲပေးချင်တယ်။ ဆမ်က သဘောတူပေမဲ့ တွမ်က လက်မခံဘူး။ ပါးနပ်လိမ္မာပြီး ပိုကြံ့ခိုင်တဲ့သူကို အမွေပိုပေးသင့်တယ်လို့ စောဒကတက်တယ်။ အဲဒီတော့ သူတို့အဖေက ပြိုင်ပွဲတစ်ခု လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ ၂ ယောက်လုံးကို လမ်းလျှောက်ထွက်စေပြီး နေမဝင်ခင် အိမ်ပြန်လာခိုင်းတယ်။ ဝေးဝေးလျှောက်နိုင်သူကို အမွေများများပေးမယ်ပေါ့။ ဒီပြိုင်ပွဲမှာ အချိန်ကြည့်လို့မရအောင် ၂ ယောက်လုံးကို နာရီဝတ်ခွင့် မပေးဘူး။

နောက်နေ့နံနက် လင်းစပြုချိန်မှာ ဆမ်နဲ့ တွမ်တို့ လမ်းလျှောက်ထွက်ကြတယ်။ ဆမ်က ဖြည်းဖြည်း၊ မှန်မှန်လျှောက်တယ်။ တွမ်ကတော့ နိုင်ချင်ဇောနဲ့ အပြေးတပိုင်းသွားတယ်။ ဆမ်က မွန်းတည့်ချိန်အထိ တတ်နိုင်သလောက် ဝေးဝေးလျှောက်မယ်၊ မွန်းတည့်ပြီဆိုတာနဲ့ အိမ်ပြန်မယ်လို့ အစီအစဉ်ချတယ်။ အဲဒီအတိုင်းပဲ လျှောက်ခဲ့တယ်။တွမ်ကတော့ အမွေ ပိုလိုချင်စိတ်နဲ့ ဝေးဝေးလျှောက်နိုင်ဖို့ပဲ ဇောကပ်နေတယ်။မွန်းတည့်ချိန်အထိ နောက်ပြန်မလှည့်သေးဘူး။

အိမ်ကနေ သူ လျှောက်တဲ့အကွာအဝေးက ဆမ်ထက် ၂ ဆ ပိုများတယ်။ လျှောက်ရင်းလျှောက်ရင်း နေရောင်ဖျှော့လာတာ မြင်တော့မှ အိမ်ပြန်ဖို့ သတိရတယ်။ တဖြည်းဖြည်းနေဝင်လာပေမဲ့ သူကတော့ လာလမ်းရဲ့တစ်ဝက်ကိုတောင် မရောက်သေးဘူး။ မှောင်စပျိုးလာချိန်မှာတော့ တွမ်က လေးလံတဲ့ခြေလှမ်းတွေနဲ့အတူ အိမ်ပြန်ရောက်ဖို့ လျှောက်နေဆဲပါပဲ။ ဒီပြိုင်ပွဲမှာ တွမ် ရှုံးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ လောဘကို အနားသတ်ဖို့ မေ့ခဲ့လို့ပါပဲ။

Ref: The Young Boy and His Greed

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top