ပညာသင်ဆု (scholarships) လျှောက်မယ့်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ

2-6-2020-yyl-040.jpg

လက်ရှိတက်နေတဲ့ကောလိပ်ရဲ့ ပညာသင်စရိတ်ကို သက်သာချင်လို့ဖြစ်ဖြစ်၊ နောက်နှစ်အနည်းငယ်အတွင်းတက်မယ့် ကောလိပ်ကျောင်းအတွက်ပဲဖြစ်ဖြစ် ပညာသင်ဆုလျှောက်တဲ့အခါမှာ သင်အနေနဲ့မဖြစ်မနေသိထားသင့်တဲ့ အချက်အနည်းငယ်ရှိပါတယ်။

ဒီအချက်တွေဟာ ကောလိပ်ကျောင်းတက်တဲ့အခါမှာ ပိုပြီးကုန်ကျစရိတ်နည်းစေပြီး သင်ရွေးချယ်တဲ့ကျောင်းပေါ်မူတည်လို့ ကွဲပြားခြားနားတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိပါတယ်။

၁။ အားကစားသမားဖြစ်မှ၊ ဥာဏ်ကြီးရှင်ဖြစ်မှရယ်လို့ မဟုတ်ပါဘူး

တချို့တွေက ပညာသင်ဆုအပြည့် (full scholarship) ဆိုတာဟာ အထက်တန်းကျောင်းတုန်းက အမှတ်အရမ်းကောင်းခဲ့သူတွေ ဒါမှမဟုတ် လက်ရှိတက်နေတဲ့တက္ကသိုလ်တွေရဲ့ အမှတ်အများဆုံးရရှိဖူးသူတွေနဲ့ အားကစားတစ်ခုခုမှာထူးချွန်တဲ့ သူတွေအတွက်လို့သာ ထင်ကြပါတယ်။ သူတို့လိုလူမျိုးတွေအတွက် ပညာသင်ဆုရရှိဖို့ပိုလွယ်ကူတယ်ဆိုပေမဲ့ သာမန်ကျောင်းသားတွေအနေနဲ့ မရနိုင်ဘူးလို့ မဆိုလိုပါဘူး။

သင့်အနေနဲ့ လူသိနည်းတဲ့ ပညာသင်ဆုအစီအစဉ်တွေကို ရှာဖွေစာရင်းသွင်းဖို့ပါပဲ။ သို့မှသာ အနိုင်ရဖို့အခွင့်အရေးပိုများလို့ ဖြစ်ပါတယ်။ တချို့ပညာသင်ဆုတွေက ထူးထူးဆန်းဆန်းအကြောင်းအရာတွေနဲ့ အမှတ်ပေးတာပါ။ ဥပမာအားဖြင့် အရပ်မြင့်တာတို့၊ ဘာကြောင့် ကော်ဖီကြိုက်ရတာလဲဆိုတာမျိုးနဲ့ သတ်သတ်လွတ်စားခြင်းနဲ့ဆိုင်တဲ့ စာစီစာကုံးရေးခိုင်းတာမျိုးတွေကို ပြုလုပ်ပြီး အမှတ်ပေးကြတာပါ။ လူသိနည်းနဲ့ ပညာသင်ထောက်ပံ့ကြေးပေးတဲ့ ပရိုဂရမ်တွေမှာ လျှောက်လေလေ အနိုင်ရဖို့ အခွင့်အရေးပိုများလေပဲ ဖြစ်ပါတယ်။

၂။ စောစောလျှောက်ထားပါ

ပညာသင်ဆုလျှောက်တဲ့နေရာမှာ အထက်တန်းကျောင်းရဲ့ စီနီယာဖြစ်ဖို့ မလိုအပ်ပါဘူး။ တကယ်တော့ စောစောလျှောက်လေ အနိုင်ရဖို့အခွင့်အရေးပိုများလေ ဖြစ်ပါတယ်။ ဒီနှစ်ထဲမရခဲ့ဘူးဆိုရင်တောင် နောက်နှစ်ဘယ်အချိန်မှာ ဒီပညာသင်ဆုပရိုဂရမ်ပြန်စမယ်ဆိုတာကို မှတ်ထားပြီး တဖန်ထပ်ကြိုးစားလျှောက်ကြည့်ပါ။

မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ပညာသင်ထောက်ပံ့ကြေးအစီအစဉ်တွေ အများကြီး ရှိပါတယ်။ တချို့စကောလားရှစ်တွေက အသက် (၆) နှစ်ကနေ (၁၂) အတွင်းကလေးငယ်တွေအတွက်သာ ရည်ရွယ်ပြုလုပ်ထားတာမျိုးပါ။

၃။ ဘယ်တော့မှ အားမလျှော့လိုက်ပါနဲ့

စာရေးသူလည်း ကောလိပ်ကျောင်းပြီးသွားတဲ့အခါ ပညာသင်ဆုနောက်တစ်ကြိမ်ထပ်လျှောက်လို့ မရနိုင်တော့ဘူးလို့ ထင်ခဲ့ဖူးပါတယ်။ ဘွဲ့ရပြီးတဲ့အခါ ပညာသင်ထောက်ပံ့ကြေးနောက်တစ်ကြိမ်မရနိုင်တော့ဘူးလို့ မထင်လိုက်ပါနဲ့။ တချို့ပညာသင်ဆုတွေဟာ ဂျူနီယာကနေ စီနီယာတွေအထိ ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေအားလုံးအတွက် ရည်ရွယ်တာပါ။ တခါတရံဘွဲ့ရပြီးတဲ့သူတွေအတွက်တောင် စီစဉ်ပေးထာတဲ့ ပညာသင်ဆုတွေရှိပါတယ်။

ဒါကြောင့်မို့လို့ သင်ကျောင်းပြီးလို့ဘွဲ့ရသွားပြီဆိုရင်တောင်မှ ပညာသင်ဆုထောက်ပံ့ကြေးရမယ့် အခွင့်အရေးတွေကို လက်မလွှတ်ပဲဆက်လက်ရှာဖွေနေနိုင်ပါတယ်။

၄။ ကျူရှင်စရိတ်ထက်ပိုတဲ့ အခြားသော ပညာသင်ထောက်ပံ့ကြေးတွေ

သင်ရထားတဲ့ပညာသင်ထောက်ပံ့ကြေးက ကျူရှင်စရိတ်တွေအားလုံးကို ကာမိတယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီနေရာမှာပဲ မရပ်တန့်လိုက်ပါနဲ့။

တချို့ပညာသင်ဆုတွေဟာ ကျူရှင်စရိတ်လောက်ရုံလေးပဲ ပေးထားတာကြောင့် နောက်ထပ် သင်တက်မယ့်ပညာသင်နှစ် (၄) နှစ် ဒါမှမဟုတ် အဲ့ထက်ပိုရင်လည်းပိုနိုင်တဲ့ ပညာသင်နှစ်ကုန်ကျစရိတ်တွေအတွက် ကြိုတွေးထားဖို့လိုပါတယ်။ အခန်းခ၊ ဖတ်စာအုပ်ဖိုး၊ ကွန်ပျူတာနဲ့ အခြားသော ဆော့ဖ်ဝဲအသုံးအဆောင်ဖိုး၊ အိပ်ခန်းဆောင်ဖိုး၊ ဘတ်စ်ကားခ၊ သယ်ယူပို့ဆောင်ခနဲ့ ပါကင်ပို့ဆောင်ခ စတာတွေကိုလည်း ထည့်တွက်ထားဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ အပြည့်အဝ ပညာသင်ဆု (full scholarships) ကိုသာ တတ်နိုင်သမျှရအောင်လျှောက်ပါ။

၅။ အစွမ်းကုန် ကြိုးစားပါ

ပညာသင်ဆုလျှောက်နေစဉ်အတွင်းမှာ ကိုယ့်ဘက်က လိုအပ်ချက်တွေကိုလည်း ပြည့်စုံနေအောင် တတ်နိုင်သမျှ ကြိုးစားထားပါ။ မှန်ကန်တဲ့ ပညာသင်ဆုကိုရွေးချယ်နိုင်ဖို့ အချိန်တစ်ခုပေးဖို့လိုအပ်ပါတယ်။ အလျင်မလိုပဲ ကိုယ်နဲ့ကိုက်ညီမယ့် ပညာသင်ဆုကို သေချာစဉ်းစားရွေးချယ်ပါ။

နောက်ဆုံးအနေနဲ့ ပညာသင်ဆုလျှောက်မယ့်ကျောင်းသား၊ ကျောင်းသူတွေဟာ ကိုယ်ရွေးချယ်တက်ရောက်မယ့်ကျောင်းရဲ့ ပညာသင်နှစ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာသိရှိထားဖို့လိုသလို အကျိုးခံစားခွင့်တွေနဲ့ ပတ်သတ်ပြီးတော့လည်း ဂရုတစိုက်လေ့လာထားဖို့ လိုအပ်ပါတယ်။ သို့မှသာ နောင်တကင်းကင်းနဲ့ ရပ်ဝေးဖြစ်စေ၊ ရပ်နီးဖြစ်စေ ပျော်ရွှင်စွာပညာဆည်းပူးနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: Pinterest “Secrets about scholarships that you need to know”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top