COVID-19 ကြောင့် (၃) လကြာ ပိတ်ထားတဲ့ Shanghai Disneyland ကို ပြန်ဖွင့်ပြီ

11-5-2020-yyl-028.jpg

တနင်္လာနေ့မှာ Walt Disney ကုမ္ပဏီက လာရောက်လည်ပတ်သူအရေအတွက် လျော့ချပြီး Shanghai Disneyland အပန်းဖြေပန်းခြံကို ပြန်ဖွင့်လိုက်ပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှန်ဟိုင်းမြို့က Disneyland ကို (၃) လ ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ အခုလိုပြန်ဖွင့်လိုက်တာက Walt Disney အတွက် မှတ်တိုင်တစ်ခုဖြစ်ပြီး အာရှ၊ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေက ပန်းခြံတွေကို ပိတ်ထားစေခဲ့တဲ့ ကပ်ရောဂါကြီးကနေ ရှန်ဟိုင်းမြို့က ပြန်လည်ကောင်းမွန်လာပြီဆိုတာကိုလည်း ပြသနေပါတယ်။

ရှန်ဟိုင်းပန်းခြံမှာ Walt Disney က လာရောက်လည်ပတ်သူတွေနဲ့ ဝန်ထမ်းတွေအတွက် Social Distancing၊ ပါးစပ်နဲ့နှာခေါင်းစည်း၊ အပူချိန်တိုင်းတာမှုတွေအပါအဝင် စီမံချက်တွေ ပြုလုပ်ထားပြီး တရုတ်အစိုးရတောင်းဆိုထားတဲ့အတိုင်း လာရောက်လည်ပတ်သူအရေအတွက်ကလည်း ၃၀ရာခိုင်နှုန်းသာ လက်ခံထားပါတယ်။ Shanghai Disneyland ပြန်ဖွင့်ခြင်းရဲ့ အစောဆုံးရက်တွေအတွက် လက်မှတ်တွေကို သောကြာနေ့က မြန်မြန်ဆန်ဆန်ပဲ ရောင်းထွက်ခဲ့ပါတယ်။ “ဒီနေ့ ပြန်ဖွင့်တာက ကမ္ဘာတစ်ဝှမ်းမှာ လူတိုင်းကို မျှော်လင့်ချက်တွေ ပံ့ပိုးပေးနိုင်ဖို့နဲ့ ကျွန်တော်တို့ အတူတူ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် လက်တွေ့ပြနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ Shanghai Disney Resort ရဲ့ အထွေထွေမန်နေဂျာ ဂျိုစကော့တ်က ပြောခဲ့ပါတယ်။

ပန်းခြံမဖွင့်ခင်မှာ Mickey Mouse ဝတ်စုံနဲ့ ဝန်ထမ်းအယောက် (၃၀) က ဂိတ်တံခါးဝအပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့ရပြီး အဲဒီနေရာမှာ Social Distancing လုပ်တဲ့အနေနဲ့ လူတွေ တန်းစီစောင့်ဆိုင်းဖို့အတွက် မြေပြင်မှာ အဝါရောင်စတုရန်းကွက်တွေ ဆွဲထားပါတယ်။ အဲဒီအယောက် (၃၀) ထဲက တစ်ယောက်က Disneylandရဲ့ စီမံလုပ်ဆောင်ချက်တွေက လာရောက်လည်ပတ်သူတွေကို စိတ်သက်သာရာရစေမယ်လို့ သူထင်ကြောင်း၊ ပန်းခြံကို လာဖို့အတွက် သူ မနက် (၄) နာရီကတည်းက ထခဲ့ရကြောင်း ပြောပါတယ်။ လာရောက်လည်ပတ်သူတစ်ဦးကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ပွားခင်က Disneyland ကို တစ်ပတ် တစ်ကြိမ်လာပြီး ဒီနေရာက စိတ်အပန်းပြေစေတဲ့အပြင် လျှို့ဝှက်ဆန်းကြယ်ပါတယ်လို့ ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်းက Disneyland တွေကို ပိတ်ထားရတာက ကုမ္ပဏီအကျိုးအမြတ်ရဲ့ ကန်ဒေါ်လာ (၁.၄) ဘီလျံကိုနစ်နာစေတယ်လို့ ပြီးခဲ့တဲ့အပတ်က Disneyရဲ့ အလုပ်အမှုဆောင်အဖွဲ့က ခန့်မှန်းခဲ့ပါတယ်။

Ref: Shanghai Disneyland re-opens after three-month closure due to coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top