အိမ်ထဲက လေတွေသန့်စင်သွားအောင် လေသန့်စက်ကို ဘယ်လိုအသုံးပြုမလဲ

yyl-001-3.jpg

လေထုညစ်ညမ်းမှုဒဏ်ကို နိုင်ငံတော်တော်များများမှာ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။ အပြင်ထွက်ရင်လည်း ညစ်ညမ်းတဲ့လေတွေကို ရှုရှိုက်မိကြသလို အိမ်မှာနေရင်လည်း ညစ်ညမ်းတဲ့လေတွေကို ရှုရှိုက်မိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နေအိမ်အတွင်းမှာ ညစ်ညမ်းတဲ့လေတွေ ခိုအောင်းမနေဖို့အရေးကြီးလှပါတယ်။ ညစ်ညမ်းတဲ့လေတွေကို ကျွန်တော်တို့ ရှုရှိုက်မိရင် ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေခံစားရမယ့်အပြင် ကျွန်တော်တို့ရဲ့နှလုံးနဲ့ ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေအိမ်အတွင်းက လေတွေ သန့်စင်သွားအောင် လေသန့်စက်က ကူညီပြီးလုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ လေသန့်စက်ကို ဒီအတိုင်းကြီး ဝယ်လိုက်ရုံနဲ့ မလုံလောက်ပါဘူး။ လေသန့်စက်ကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုရမလဲဆိုတာကို သိဖို့လည်းအရေးကြီးပါတယ်။

သင့်အခန်းနဲ့ ကိုက်ညီမယ့်အရွယ်အစားကို ရွေးချယ်ပါ

သန့်စင်နိုင်တဲ့ပမာဏအမျိုးမျိုးနဲ့ လေသန့်စက်တွေက တံဆိပ်မျိုးစုံရှိကြပါတယ်။ လေသန့်စက်ကို ကြုံသလိုဝယ်လိုက်မယ့်အစား သင့်အခန်းအရွယ်အစားအတွက် ထိရောက်မယ့်တစ်ခုကို ရွေးချယ်ပါ။ ဘာဝယ်ရမှန်းမသိရင် ဆိုင်ရှင်ဆီက အကြံဉာဏ်တောင်းကြည့်ပါ။ သင့်အရွယ်အစားကို သေချာမသိရင် နေရာကျယ်ကျယ်မှာ ထားလို့ရမဲ့တစ်ခုကို ရွေးချယ်လိုက်ပါ။

တံခါးနဲ့ ပြတင်းပေါက်တွေကို လုံနေအောင်၊ ကျပ်နေအောင်ပိတ်ထားပါ

အခန်းရဲ့ပြတင်းပေါက်နဲ့တံခါးတွေကို သေချာမပိတ်ထားဘူးဆိုရင် လေသန့်စက်က ကောင်းကောင်းအလုပ်လုပ်မှာမဟုတ်ဘူးဆိုတာ နားလည်ထားဖို့ အရေးကြီးပါတယ်။ လေသန့်စက်ဖွင့်ထားတဲ့အခါတိုင်း တံခါးနဲ့ ပြတင်းပေါက်တွေကို သေချာပိတ်ထားပေးသင့်ပါတယ်။

filterလဲရမယ့်အချိန်ကို သိထားပါ

ဆိုင်ကနေ အကောင်းစားလေသန့်စက်ဝယ်ထားရင်တောင် filter ကို လဲချိန်တိုင်း မလဲဖြစ်ရင် အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ လေသန့်စက်တွေမှာ HEPA filter နဲ့ Carbon filter ဆိုပြီး အနည်းဆုံး filter နှစ်မျိုးရှိပါတယ်။ HEPA filter က (၁၂) လကနေ (၁၈) လတိုင်း တစ်ခါ လဲပေးရပြီး Carbon filter ကတော့ သုံးလ တစ်ခါလဲပေးရပါတယ်။အသေးစိတ် သိချင်ရင်တော့ လေသန့်စက်အညွှန်းကို သေသေချာချာဖတ်ကြည့်ပါ။

ရှုပ်ပွနေတဲ့နေရာမှာ လေသန့်စက်ကို မထားပါနဲ့

လေသန့်စက်ကို အခန်းထဲထားလိုက်ပြီဆိုတာနဲ့ လေသန့်စက် လုပ်ဆောင်ချက်ကောင်းဖို့အတွက် နေရာတစ်ခုပေးထားဖို့ အရေးကြီးပါတယ်။ ရှုပ်ပွနေတဲ့နေရာမှာလည်း လေသန့်စက်ကို မထားသင့်သလို ဘာနဲ့မှလည်း ဖုံးမထားသင့်ပါဘူး။ နံရံနားကပ်ပြီး ထားသင့်ပါတယ်။ လေသန့်စက်ရဲ့ ဘေးပတ်ပတ်လည်မှာ နေရာချန်ထားပေးမှ လေသန့်စက်က ကောင်းကောင်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

Ref: How to use an air purifier correctly to get pure air inside your home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top