စိတ်ပျက်ဖို့ကောင်းတဲ့ အလုပ်မျိုးကနေ ထွက်ဖို့အချိန်တန်ပြီလား

47204912_2268167863401707_7610519995100954624_n.jpg

လူတိုင်းကတော့ အလုပ်မှာ အဆင်မပြေတဲ့ရက်ရှိမှာပါပဲ။ တစ်ခါတလေ အရမ်းပေါက်ကွဲပြီး “တော်ပြီကွာ ဒီအလုပ် သေတောင်မလုပ်ဘူး၊ ထွက်တော့မယ်” လို့ ကြွေးကြော်မိတဲ့ အချိန်တွေရှိမှာပဲ။ ဒါပေမယ့် သားကျွေးမှု၊ မယားကျွေးမှု တွေကလည်းရှိ၊ တခြားထောက်ထားစရာ၊ ပြန်ကြည့်စရာ တွေကလည်းအသီးသီးဆိုတော့ကာ ဘယ်အချိန်မှာ ထွက်ရမယ်၊ ဘယ်အနေအထားဆိုရင်တော့

ခဏသည်းညည်းခံပြီး လုပ်ရမယ်ဆိုတာ ဘယ်လို သိနိုင်မှာတုန်း။

(၁) အလုပ်သွားရမှာကို တအားစိတ်ပျက်နေရင်

လူတိုင်းကတော့ မနက် ရုံးသွား၊ ကျောင်းသွားရမှာကို စိတ်ညစ်ကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ့်မှာ မနက်ထရဖို့ အရမ်းစိတ်ပျက်၊ ဝမ်းနည်း၊ ညစ်ညူးနေရတယ် ဆိုရင်တော့ သိပ်မဟုတ်သေးဘူး။ ကိုယ့် အကြောင်း ကိုယ်အသိဆုံးပါ။ ဒီအလုပ်ကို အရမ်းမုန်းတယ်။ ဒီအလုပ်ကြောင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာတွေကိုပါ နစ်နစ်နာနာ ထိခိုက်ရတယ်ဆိုရင် မလုပ်ပါနဲ့တော့။

(၂) နေမကောင်းခဏခဏ ဖြစ်နေရင်

ရုတ်တရက်ကြီး ဖျားတာ နာတာတွေ ရက်စိပ်လာလား၊ အမြဲတန်း နုံးချည့်ပြီး လှုပ်ရှားရတာ မကောင်းဖြစ်နေလား၊ ဒါမှမဟုတ် အလုပ်မှာ အဆင်မပြေ လွန်းလို့ စိတ်ဖြေတဲ့အနေနဲ့အလုပ်ပြန်တိုင်း အရက် အရမ်းသောက်မိနေသလား။ မနက် ၇ ကနေ ည ၁၁ လောက်အထိ အလုပ်ချိန် အရမ်းများနေလို့ ကောင်းကောင်းမွန်မွန် အစာစားဖို့၊ ကိုယ်လက်လှုပ်ရှားလေး ဟိုနားဒီနားလုပ်ဖို့၊ နောက်ဆုံးအိပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေပြီလား။ ကိုယ့် ကျန်းမာရေးနဲ့လဲရလောက်အောင် တန်တဲ့အလုပ်မျိုးတော့ ဒီကမ္ဘာမှာ မပေါ်သေးပါဘူး။

(၃) အလုပ်မကောင်းကြောင်းကို အမြဲလိုလို သူများတွေကို ပြောပြနေမိရင်

မိသားစုနဲ့၊ သူငယ်ချင်းနဲ့၊ အိမ်နီးနားချင်းနဲ့၊ ဘယ်သူနဲ့ဖြစ် ဖြစ် စကားစမြည် ပြောကြတဲ့အခါတိုင်း ဘာအကြောင်းပြောမိတတ်လဲ၊ တစ်ချိန်လုံး လုပ်ဖော်ကိုင်ဖက်တွေ မကောင်းကြောင်း၊ အလုပ်နေရာထိုင်ခင်း အဆင်မပြေကြောင်း၊ အရေးအကြီးဆုံး အနေနဲ့ကိုယ်လုပ်ရတဲ့အလုပ်တွေကိုပါ မကြာခဏ ညည်းညူနေမိလား။ ဘဝရဲ့အစိတ်အပိုင်း အများစုကို ဖဲ့ယူမှာဖြစ်တဲ့ အလုပ်ဟာ ကိုယ့်ဘဝကို ကောင်းတာတွေထက် အဆိုးတွေသာ သယ်ယူလာမယ်ဆိုရင်တော့ ပြန်စဉ်းစားသင့်ပြီနော်။

(၄) အလုပ်လုပ်တာထက် အချိန်ဆွဲတာက များနေရင်

အမှန်တိုင်းပြောရရင် အလုပ်မှာ အချိန်မဆွဲဘူးတဲ့ သူမရှိပါဘူး။ ဒါပေမဲ့ တစ်နေ့လာလည်း အလုပ်လုပ်ဖို့ထက် Facebook ကိုပဲ ပွတ်နေ၊ ဒါမှမဟုတ် အလုပ်ကလွဲ ကျန်တာ လုပ်ဖို့ပဲ အမြဲစဉ်းစားနေတာ လနဲ့ချီလာပြီဆိုရင်တော့ ခင်ဗျား အလုပ်က ခင်ဗျားအတွက် စိတ်ဝင်စားစရာ မကောင်းတာ တော်တော်သေချာနေပြီ။

(၅) ဘယ်သူမှမမေးဘဲ ကိုယ့်ဘာသာ ဖြောင့်ချက်တွေ ပေးနေရင်

“လစာကလည်း သိပ်မကောင်း ဒီကြားထဲ သူဌေးက အဆင်ပြေတာ မဟုတ်ဘူး၊။ အင်း..ဒါပေမဲ့ တစ်လတစ်လ ဖုန်းဖိုးလည်းရတယ်။ ရုံးမှာ အလကားပေးထားတဲ့ မုန့်တွေ၊ ကော်ဖီတွေလည်း စားလို့ရတယ်ဆိုတော့ မဆိုးပါဘူး” “ အလုပ်ကကောင်တွေအကုန်လုံး ခြေထိုးခံဖို့၊ ကုန်းချောဖို့ပဲ စဉ်းစားနေတဲ့ မြေခွေးတွေချည်းပဲ၊ ဒါပေမဲ့လည်း လစာကကောင်းတာကိုး” “ဒီရုံးမှာလုပ်ရတာ စိတ်ပျက်လိုက်တာ၊ ဒါပေမဲ့ အလှူတွေဘာတွေသွားလို့ ဘယ်မှာလုပ်နေလဲမေးရင်တော့ ဒီရုံး နာမည်ဖြေရတာ ဂုဏ်တော့ရှိသား”။ ဘယ်သူမှလည်း မမေးဘဲ ကိုယ့်ခေါင်းထဲမှာပဲ ကိုယ့်ဘာသာတွေမေး၊ ကိုယ့်ဘာသာတွေဖြေနေရင်တော့ မသိစိတ်က မကြိုက်တာကို သိစိတ်က အရှေ့ကနေ ပြန်လိမ်နေတာပါပဲ။

(၆) တိုးတက်ဖို့အလားအလာ မရှိရင်

တစ်နေ့လာလည်း ဒါ၊ တစ်လလာလည်း ဒါ၊ တစ်နှစ်နေလည်း ဒါပဲ လုပ်ဆိုရင်တော့ ကိုယ့်ဘ၀ရှေ့ရေးအတွက်ကို ကိုယ်ပြန်စဉ်းစားသင့်ပြီနော်။ မနေ့ ကကိုယ်ထက် ဒီနေ့ကိုယ်က ပိုတော်ရမယ်ဆိုတဲ့ စကားက အရမ်းတက်ကျမ်းဆန်နေမယ်ဆိုရင်တောင် လွန်ခဲ့တဲ့သုံးလကကိုယ်နဲ့ အခုကိုယ်က တတ်ကျွမ်းတဲ့ အရည်အချင်းအတူတူပဲ၊ လုပ်နေရတာတွေလည်း အတူတူပဲဆိုရင် တော်တော်စိတ်ပူဖို့ကောင်းနေပြီ။

(၇) ခင်ဗျား ဒီဆောင်းပါးကို ဝင်ဖတ်နေမိရင်

ဒီဆောင်းပါးကို ဘာကြောင့် ဖတ်ဖြစ်သွားတာလဲဗျ။ ကိုယ်နဲ့သက်ဆိုင်တာ တစ်ခုခုတွေ့ရမယ် ထင်လို့လား။ ဒါမှမဟုတ် ခင်ဗျား ထွက်ဖို့ နဂိုတည်းက စဉ်းစားနေတာ ငါဖြစ်နေတဲ့အချက်ပါမယ်ထင်လို့ ဝင်ဖတ်မိတာလား။ ဒါဆိုရင်တော့ ပြန်စဉ်းစားဖို့သင့်ပြီနော်။

ရိုးရာလေးရဲ့ ပရိသတ်တွေလည်း မိမိပျော်ရွှင်ရပြီး စိတ်ချမ်းသာရတဲ့အလုပ်မှာပဲ လုပ်နိုင်ကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။

Ref: The Balance Career “Signs it’s time to quit your job”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top