အီလွန်မက်စ်ရဲ့အာကာသယာဉ်နဲ့ ဇနီးသည်ကိုခေါ်ပြီး လကမ္ဘာပတ်ဖို့ စီစဉ်နေတဲ့ အာကာသခရီးသွား

14-10-2022-yyl-01.jpg

ကမ္ဘာ့ပထမဆုံးအာကာသခရီးသွား ဒန်နစ် တီတိုဟာ သူ့ဇနီးသည် အာကီကိုကို ဟန်နီးမွန်းခရီးအနေနဲ့ လကမ္ဘာကို ခေါ်သွားဖို့ စီစဉ်နေပါတယ်။ အိမ်ထောင်သက် (၂) နှစ်ရှိပြီဖြစ်တဲ့ သူတို့စုံတွဲက ဘရောင်းစ်ဗီးလ်မြို့အနီးနားက SpaceX Starship အဆောက်အဦးကို အလည်အပတ်သွားရောက်စဉ်အတွင်း လကမ္ဘာကို ခရီးထွက်မယ့် စိတ်ကူးအကြံအစည် ပေါ်လာခဲ့တာပါ။

အာကာသအင်ဂျင်နီယာဟောင်း တီတိုဟာ ၂၀၀၁ ခုနှစ်က နိုင်ငံတကာအာကာသစခန်းကို ခရီးထွက်ဖို့အတွက် ရုရှားကို ဒေါ်လာ သန်း ၂၀ ပေးခဲ့ရတာပါ။ အခု အီလွန်မက်စ်ရဲ့ Starship အာကာသယာဉ်မှာ လူ (၂) ယောက်စာအတွက် ဘယ်လောက်ကုန်ကျမယ်ဆိုတာကိုတော့ တီတိုက ထုတ်မပြောပြခဲ့ပါဘူး။ ဒါပေမဲ့ သူတို့စုံတွဲ လကမ္ဘာကို ခရီးထွက်ဖို့ အချိန်အနည်းငယ်ကြာဦးမှာပါ။

Starship အာကာသယာဉ်က စမ်းသပ်ပျံသန်းမှုအများအပြားကို အပြီးသတ်လုပ်ဆောင်ဖို့ လိုအပ်နေသေးပေမဲ့ နောက် (၅) နှစ်အတွင်း သွားရလိမ့်မယ်လို့ တီတိုနဲ့သူ့ဇနီးက မျှော်လင့်ထားပါတယ်။ “ဒီအာကာသယာဉ်အဆင်သင့်ဖြစ်တဲ့အထိ နှစ်တော်တော်ကြာ ကျွန်တော်တို့ ကျန်းကျန်းမာမာနေဖို့ လိုပါတယ်။ ဒီမစ်ရှင်အတွက်သာမဟုတ်ဘူးဆိုရင် ကျွန်တော် လေ့ကျင့်ခန်းကောင်းကောင်းမလုပ်ဘဲ လှုပ်ကုလားထိုင်မှာ ထိုင်နေနိုင်တယ်”လို့ တီတိုက ပြောပါတယ်။

တီတိုတို့ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လက အီလွန်မက်စ်ရဲ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ (၅) နှစ်ကြာရင် အသက် ၈၇ နှစ်ပြည့်မယ့် တီတိုက ခရီးထွက်ဖို့ ကောင်းကောင်းမကျန်းမာဘူးဆိုရင် စာချုပ်မှာ ထုတ်ပယ်မယ်ဆိုတာ ပါဝင်ပါတယ်။ တီတိုတို့က ထိုင်ခုံ (၂) ခုံစာပဲ ဝယ်ခဲ့တာဖြစ်တဲ့အတွက် အခြားခရီးသည် ၁၀ ဦးအဖွဲ့နဲ့အတူ လိုက်ပါသွားရမှာဖြစ်ပါတယ်။

တီတိုတို့က လကမ္ဘာကို ခရီးထွက်ဖို့ အရာအားလုံးအဆင်ပြေမယ်လို့ ယုံကြည်ထားပါတယ်။ ခရီးစဉ်ကုန်ကျစရိတ်က ဘယ်လောက်လဲဆိုတာ မသိရပေမဲ့ ဒီအတွေ့အကြုံက ပေးရတဲ့ဈေးနဲ့ ထိုက်တန်မယ်လို့ ထင်ကြောင်း လွန်ခဲ့တဲ့ (၂) နှစ်က ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို ရောင်းချခဲ့တဲ့ တီတိုက ဆိုပါတယ်။

Ref: People “Space Tourist Dennis Tito Plans to Take Wife on Trip Around the Moon Aboard Elon Musk’s Starship”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top