ကင်ဆာရောဂါခံစားရပြီးနောက် Boston Marathon ပြိုင်ပွဲရဲ့တရားဝင်ခွေးအဖြစ် အမည်ပေးခံခဲ့ရတဲ့ ကုထုံးခွေးလေးအကြောင်း

20-4-2022-yyl-18.jpg

လွန်ခဲ့တဲ့နှစ်တွေကတည်းက ဘော့စတွန်မာရသွန်အပြေးသမားတွေဟာ ပြေးလမ်း (၂) မိုင်လောက်ရောက်ရင် ပြုံးပြနေတဲ့ အမွေးပွခွေးလေးတစ်ကောင်ကို မြင်တွေ့နေခဲ့ကြတာပါ။ အဲဒီခွေးလေးကတော့ ကုထုံးခွေးလေး စပန်ဆာ (Spencer) ပါ။ စပန်ဆာဟာ ၂၀၁၅ခုနှစ်ကတည်းက နှစ်တိုင်း မိုးရွာရွာ၊ နေပူပူ ဘော့စတွန်မာရသွန်ပြိုင်ပွဲမှာ ပေါ်လာတတ်ပါတယ်။

မိုးရာသီမာရသွန်ပြိုင်ပွဲကဆိုရင် စပန်ဆာကို လူသိများလာစေခဲ့တာပါ။ ၂၀၁၈ခုနှစ် အဲဒီပြိုင်ပွဲမှာ သူ့ရဲ့သခင် ရစ်ချက် ပါဝါစ် (Richard Powers) က စပန်ဆာကို အဝါရောင်မိုးကာအင်္ကျီလေး ဝတ်ဆင်ပေးခဲ့တာကြောင့် ခါတိုင်းထက် ပိုပြီး ပေါ်လွင်နေခဲ့ပါတယ်။ စပန်ဆာက အဝါရောင်မိုးကာဝတ်ထားတဲ့အပြင် ပါးစပ်မှာလည်း “Boston Strong” အလံတစ်ခုကို ကိုက်ထားခဲ့ပါသေးတယ်။ စပန်ဆာရဲ့ပုံတွေက လူအများကြား ပျံ့နှံ့သွားခဲ့ပြီး အပြေးသမားတွေနဲ့ ပွဲကြည့်ပရိသတ်တွေအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။

အပြေးသမားတွေက စပန်ဆာကို မြင်ရင် ရပ်ပြီး “ဒါလေးက စပန်ဆာလေးလား” လို့ ပြောကြပါတယ်။ အပြေးသမားတချို့ဆိုရင် စပန်ဆာနဲ့အတူ ဆယ်ဖီပုံတွေ ရိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် ဘော့စတွန်မာရသွန်ပြိုင်ပွဲ မလုပ်ဖြစ်ခဲ့ပါဘူး။ စပန်ဆာမှာလည်း အကျိတ်တွေခဲ့ပါတယ်။ သူ့ရဲ့သခင်တွေက စိုးရိမ်ပူပန်ခဲ့ရပေမဲ့ စပန်ဆာက ကြံ့ကြံ့ခံနိုင်ခဲ့တယ်။

လိုအပ်တဲ့စောင့်ရှောက်မှုတွေရခဲ့တဲ့အတွက် စပန်ဆာ အသက်အန္တရာယ်ကနေ လွှတ်မြောက်ခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာတော့ စပန်ဆာက မာရသွန်ပြိုင်ပွဲဆီ ပြန်လာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ မကြာသေးခင်က တိရစ္ဆာန်ဆရာဝန်တွေဟာ စပန်ဆာဆီမှာ နောက်ထပ်အကျိတ်တစ်ခုတွေ့ခဲ့ပါတယ်။ ဒီတစ်ခုကတော့ ကင်ဆာအကျိတ်ဖြစ်ခဲ့တာကြောင့် စပန်ဆာဟာ ဓာတုကုထုံးခံယူခဲ့ရပါတယ်။ စပန်ဆာရဲ့သခင်ကတော့ အခုနှစ် မာရသွန်ပြိုင်ပွဲဆီ သူ့ရဲ့ချစ်လှစွာသော ​ခွေးလေး စပန်ဆာ လာနိုင်လိမ့်မယ်မထင်ခဲ့ဘူး။

စပန်ဆာကတော့ မာရသွန်ကို သွားဖို့ ကြံ့ခိုင်နေတုန်းပါပဲ။ စပန်ဆာ သက်သာလာပြီးနောက် စပန်ဆာက သူ့အလုပ်ကို ပြန်သွားခဲ့ပါတယ်။ မာရသွန်ပြိုင်ပွဲတော့မဟုတ်ပါဘူး။ ကုထုံးခွေးလေးအနေနဲ့ သူ့ရဲ့အပေါင်းအဖော်ခွေးလေး ပန်နီနဲ့အတူ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘိုးဘွားရိပ်သာတွေကို သွားခဲ့ပါတယ်။

သူ့သခင်က စပန်ဆာဟာ သူတို့အတွက် လက်ဆောင်တစ်ခုဖြစ်ပြီး သူ့ကို ပိုင်ဆိုင်ရလို့ အရမ်းကံကောင်းတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က စပန်ဆာဟာ မာရသွန်ပြိုင်ပွဲရဲ့ ပန်းဝင်လိုင်းအနီးနားက အထက်တန်းကျောင်းတစ်ခုကို အလည်လာခဲ့ပါတယ်။ အဲဒီမှာ သတင်းကြီးတစ်ခု သိခဲ့ရပါတယ်။ The Boston Athletic Association က စပန်ဆာကို ၁၂၆ ကြိမ်မြောက် ဘော့စတွန်မာရသွန်ပြိုင်ပွဲရဲ့ တရားဝင်ခွေးလေးအဖြစ် အမည်​ပေးခဲတယ်ဆိုတာပါပဲ။ ဒါက အံ့အားသင့်စရာပေမဲ့ စပန်ဆာနဲ့ ထိုက်တန်ပါတယ်။

အခုနှစ်အပြေးပြိုင်ပွဲမှာ မာရသွန်သမားတစ်ဦးဟာ စပန်ဆာအပေါ် ကျေးဇူးတင်ကြောင်း ပြခဲ့ပါ​သေးတယ်။ သူက စပန်ဆာရဲ့သခင် ရစ်ချက်ကို စပန်ဆာမှာ ဆုတံဆိပ်ရှိလားလို့ မေးလာခဲ့ပါတယ်။ ရစ်ချက်က မရှိဘူးပြောတော့ သူ့အိတ်ကပ်ထဲက ဆုတံဆိပ်ကို ထုတ်ပြီး စပန်ဆာကို ဝတ်ပေးရင်း “မင်း လုပ်နေတဲ့အရာကို ဆက်လုပ်နော်”လို့ ပြောပြီး ထွက်သွားခဲ့ပါတယ်။ သူစိမ်းတစ်ယောက်ရဲ့ရက်ရောမှုကြောင့် မျက်ရည်ဝဲခဲ့ရတယ်လို့ ရစ်ချက်က ဆိုပါတယ်။

စပန်ဆာကတော့ မာရသွန်ပြိုင်ပွဲမှာ သူ ဖြန့်ကျက်လိုက်တဲ့ မျှော်လင့်ချက်အတွက် ကျေးဇူးတင်စကားဆိုထားတဲ့ မရေတွက်နိုင်တဲ့စာတွေ လက်ခံရရှိနေပါတယ်။

Ref: CBSNews “Spencer the beloved therapy dog named “official dog of the Boston Marathon” after battling cancer”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top