ကမ္ဘာတစ်လွှား ဆန္ဒပြပွဲများ

yyl-29-001.jpg

သမိုင်းကြောင်းအရဆိုရင် ဖိနှိပ်ခံလူတန်းစားတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို အန်ထုတ်ဖို့၊ တောင်းဆိုမှုတွေလုပ်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်း အာမခံချက်(၈)ချက်ပေးရပြီး အဲဒီအာမခံချက်တွေထဲမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါဝင်ပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဆန္ဒထုတ်ဖော်မှုတွေ ဒုနဲ့ဒေးပါပဲ။ ဟောင်ကောင်မြို့ မှာ ဖြစ်ပွားနေတဲ့ ဆူပူအုံကြွ ဆန္ဒပြမှုတွေက (၅)လ ကျော် ကြာမြင့်လာသလို ကမ္ဘာ့တိုက်ကြီးအသီးသီးမှာလည်း ဆူပူအုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။
သံသယရှိသူလွှဲပြောင်းပေးအပ်ရေး ဥပဒေကြမ်း အဆိုပြုမှုကနေ အစပြုပြီး ဟောင်ကောင်မြို့မှာ ဆူပူအုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဟောင်ကောင်မြို့မှာ နေထိုင်တဲ့ လူငယ်တစ်ယောက်ဟာ တရုတ်(တိုင်ပေ)ကို အပန်းဖြေခရီးထွက်ချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ အတူနေချစ်သူကို သတ်ပြီး ဟောင်ကောင်ကို ပြန်ပြေးလာခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ တရုတ်(တိုင်ပေ)က သူ့ကို လွှဲပြောင်းပေးအပ်ဖို့ တောင်းဆိုပေမဲ့ ဟောင်ကောင်နဲ့ တရုတ်(တိုင်ပေ)ကြားမှာ သံသယရှိသူ လွှဲပြောင်းပေးအပ်ရေး သဘောတူစာချုပ်မရှိပါဘူး။
အဲဒီဖြစ်ရပ်ကြောင့် ဟောင်ကောင်မြို့တာဝန်ရှိသူတွေက တရုတ်ပြည်မကြီးနဲ့ သံသယရှိသူ လွှဲပြောင်းပေးအပ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်းခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းကြောင့် တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဟောင်ကောင်ဒီမိုကရေစီဘက်တော်သားတွေကို ပြည်မကြီးထံ လွှဲပြောင်းပေးပြီး တရားစီရင်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိလာလို့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ ဥပဒေကြမ်း အဆိုပြုမှုအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာတော့ ဒီမိုကရေစီ ပိုမိုပေးအပ်ရေး၊ ဆန္ဒပြပွဲကာလအတွင်း အင်အားသုံးနှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့တွေအပေါ် စုံစမ်းစစ်ဆေးရေး၊ ကာရီလမ် နုတ်ထွက်ပေးရေး စတဲ့ တောင်းဆိုမှုတွေအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

နောက်ပိုင်းမှာ ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်က အဲဒီဥပဒေကြမ်းကို တရားဝင်ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြပွဲတွေကတော့ အဆုံးမသတ်သေးပါဘူး။ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်မြို့မှာ ဗြိတိန်နိုင်ငံထံကနေ လွှဲပြောင်းရယူခဲ့ချိန်က ”တစ်နိုင်ငံ၊ စနစ်နှစ်ခု”ပုံစံကျင့်သုံးပြီး ပြည်မကြီးမှာမရတဲ့ လွတ်လပ်ခွင့်တွေပေးမယ်လို့ တရုတ်နိုင်ငံက ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ ဟောင်ကောင်မြို့အပေါ် ပေးအပ်ထားတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ တိုက်စားခံနေရတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုက ဟောင်ကောင်လူထုကို ရတက်မအေးဖြစ်စေခဲ့ပါတယ်။

ကမ္ဘာတစ်လွှားက ဆန္ဒပြပွဲတွေမှာ Boilng Point ရောက်စေတဲ့ ဖြစ်ရပ်တစ်ခုကြောင့် အစပျိုးခဲ့ပေမဲ့ နောက်ပိုင်းမှာ မြိုသိပ်ထားရတဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်တောင်းဆိုပြီး ဆန္ဒပြပွဲလမ်းကြောင်း ပြောင်းလဲနေကြပါတယ်။ ကျောက်တုံးတစ်တုံးကို အချက်(၁၀၀၀)ထုမှ ကွဲတယ်ဆိုရင် ၁၀၀၀ မြောက် ထုချက်တစ်ခုတည်းကြောင့် ကွဲတာမဟုတ်ဘဲ ရှေ့မှာ ထုလာတဲ့ ၉၉၉ ချက်ရဲ့ သက်ရောက်မှုတွေကိုပါ ထည့်သွင်းစဉ်းစားရမယ့် သဘောမျိုးပါပဲ။ ချီလီဆန္ဒပြပွဲ၊ လက်ဘနွန်ဆန္ဒပြပွဲတွေမှာလည်း ဒီအချက်ကို မြင်တွေ့နိုင်ပါတယ်။

မြေအောက်ရထားလက်မှတ်ခ တိုးမြှင့်ကောက်ခံရာက အစပြုခဲ့တဲ့ ဆူပူအုံကြွဆန္ဒပြမှုတွေကြောင့် ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမြို့မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး မြေအောက်ရထားပြေးဆွဲမှုကို ဆိုင်းငံ့ခဲ့ရတဲ့ အခြေအနေဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ဆန္ဒပြပွဲတွေမှာ ခန့်မှန်းခြေအားဖြင့် လူ ၁.၂ သန်းလောက် ပါဝင်ခဲ့ကြလို့ ချီလီနိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးချိန်ကာလအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲကြီး ဖြစ်ခဲ့ပါတယ်။

ချီလီနိုင်ငံဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်ပေမဲ့ လူတန်းစားမညီမျှမှုကတော့ ပြည်သူတွေရင်ထဲစိုက်ဝင်နေတဲ့ ဆူးတစ်ချောင်းဖြစ်နေပါတယ်။ ဒါကြောင့်လည်း ရထားလက်မှတ်ခ တိုးကောက်ရာကနေ အစပြုတဲ့ ဆန္ဒပြပွဲတွေမှာ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု ကောင်းမွန်ရေး၊ ပင်စင်ခံစားခွင့် တိုးမြှင့်ရရှိရေး၊ ဝင်ငွေမညီမျှမှု လျှော့ချပေးရေး ဆိုတဲ့ တောင်းဆိုချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ ချီလီသမ္မတ ဆီဘက်ရှန်ပီနဲရာက ပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေကို ထုတ်ပြန်ကြေညာခဲ့ပေမဲ့ ဆန္ဒပြမှုတွေ လျော့ပါးသွားခြင်းမရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ပီနဲရာက အစိုးရဝန်ကြီးအဖွဲ့တစ်ခုလုံးကို ရာထူးကနေ ထုတ်ပယ်ပြီး အစိုးရဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းဖို့ ပြင်ဆင်ခဲ့ရပါတယ်။ ဒါပေမဲ့ အစိုးရဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းမယ့်ပုံစံကိုတော့ မသိရသေးပါဘူး။ တစ်ပတ်ကျော် ကြာမြင့်လာတဲ့ ချီလီဆန္ဒပြပွဲတွေမှာ အနည်းဆုံး လူ ၁၇ ယောက်သေဆုံးပြီး လူရာပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေကတော့ Whatsapp ကနေ အင်တာနက်ဖုန်းခေါ်မှုကို အခွန်ကောက်ခံမယ့် အစီအစဉ်ကနေ အစပြုခဲ့တာပါ။ ဒါပေမဲ့ အခွန်ကောက်ခံမယ့်အစီအစဉ် မတိုင်ခင်ကတည်းက စီးပွားရေးကျဆင်းမှုအပေါ် မကျေမနပ်ဖြစ်နေတဲ့ ပြည်သူတွေက ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီလိုအနေအထားမှာ အင်တာနက်ဖုန်းခေါ်မှုကို အခွန်ကောက်မယ့် အစီအစဉ်က မီးလောင်ရာ လေပင့်ဖြစ်သွားစေခဲ့တာပါ။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့အသုံးပြုပြီး လူစုခွဲခဲ့လို့ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။

လက်ဘနွန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းလိုက် ဝင်ရောက်နေပေမဲ့ ပြည်တွင်းစစ်ကာလမှာ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့လို့ တိုးတက်မှုမရှိဘဲ ကမ္ဘာပေါ်မှာ ကြွေးမြီအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။ လက်ဘနွန်နိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစားမှုကြောင့် စီးပွားရေးပြဿနာတွေ ကြုံနေရတာလို့ ဆန္ဒပြသူတွေက စွပ်စွဲခဲ့ပါတယ်။ အင်တာနက်ဖုန်းခေါ်ဆိုမှုအပေါ် အခွန်ကောက်ခံမယ့် အစီအစဉ်ကို လက်ဘနွန်အစိုးရက အချိန်မဆိုင်းဘဲ ပြန်ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြပွဲတွေကတော့ ၁၂ ရက်ကြာတဲ့အထိ ဖြစ်ပွားနေဆဲပါပဲ။ ၁၁ ရက်မြောက်နေ့မှာ သောင်းချီတဲ့ ဆန္ဒပြသူတွေက လက်ဘနွန်နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့ကနေ တောင်ပိုင်း တိုင်ရီမြို့အထိ လက်ချင်းချိတ်ဆက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

စပိန်နိုင်ငံကနေ ခွဲထွက်ချင်နေတဲ့ ကာတာလန်ဒေသမှာလည်း ဆန္ဒပြမှုတွေ တစ်ကျော့ပြန် ပေါ်ပေါက်နေပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ကာတာလန်ဒေသခွဲထွက်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့လို့ ခွဲထွက်ရေးလိုလားတဲ့ ခေါင်းဆောင် ၉ ယောက်ကို စပိန်နိုင်ငံ အထက်တရားရုံးချုပ်က ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီးချိန်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာတည်ရှိပြီး ချမ်းသာကြွယ်ဝတဲ့ ကာတာလန်ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား ရှိပါတယ်။ ကာတာလန်ဒေသဟာ စပိန်နိုင်ငံရဲ့ အသားတင်ကုန်ထုတ်လုပ်မှု (၂)ရာခိုင်နှုန်းရှိပြီး စပိန်နိုင်ငံ စီးပွားရေးရဲ့ (၁၉)ရာခိုင်နှုန်းအထိ အကျိုးပြုနေပါတယ်။ စပိန်နိုင်ငံရဲ့ ဒေသ ၁၇ ခုထဲမှာ အချမ်းသာဆုံးဖြစ်ပြီး စပိန်နိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ဒေါက်တိုင်တစ်ခုဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ ကိုယ်ပိုင်လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲမှာ ခွဲထွက်ချင်တဲ့ဘက်က အနိုင်ရခဲ့ပေမဲ့ စပိန်နိုင်ငံ ဗဟိုအစိုးရက ပြည်သူ့ဆန္ဒခံယူပွဲကို တရားမဝင်ဘူးလို့ ကြေညာခဲ့ပြီး ခွဲထွက်ရေးခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ စပိန်အစိုးရက ကိုယ်ပိုင်လွတ်လပ်ရေးကို ရုပ်သိမ်းခဲ့ပြီး တိုက်ရိုက်အုပ်ချုပ်မှုကြောင့် အခိုက်အတန့်ကြာ ငုပ်လျှိုးသွားခဲ့တဲ့ မကျေနပ်မှုတွေဟာ ခေါင်းဆောင်(၉)ယောက် ထောင်ဒဏ်ချမှတ်ခံရမှုနဲ့အတူ အသစ်တစ်ဖန် ပေါက်ကွဲလောင်မြိုက်လာပြန်ပါတယ်။ ခေါင်းဆောင်တွေ ထောင်ဒဏ်ချမှတ်ခံရတာကို မကျေနပ်လို့ ဘာစီလိုနာမြို့လယ်မှာ ချီတက်ဆန္ဒပြမှုတွေ ကျင်းပခဲ့ကြပြီး အဲဒီဆန္ဒပြပွဲမှာ လူ ၄၀၀၀၀၀ ပါဝင်တယ်လို့ စီစဉ်ကျင်းပသူတွေက ဆိုပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ချီတက်ဆန္ဒပြသူ ၈၀၀၀၀ ပဲ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတစ်ဝန်းက လူ(၆)သန်းကျော် ပါဝင်ခဲ့တဲ့ ရာသီဥတုဆိုင်ရာ သပိတ်မှောက်ပွဲ၊ လက်မထပ်ဘဲ အတူနေတဲ့သူတွေကို ထောင်ဒဏ်ချမှတ်မယ့် ဥပဒေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက ဆန္ဒပြပွဲ၊ စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ စွမ်းအင်ပြတ်တောက်မှု ကြုံတွေ့နေတဲ့ ဟေတီနိုင်ငံမှာ သမ္မတဂျိုဗီနယ်မွိုက်စ် နုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေကတော့ တစ်ကျော့ပြန်ငြိမ်သက်သွားခဲ့ပါပြီ။ ငြိမ်းချမ်းပြီး လွတ်လပ်တဲ့ ကိုယ်ပိုင်ဆန္ဒထုတ်ဖော်မှုက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပေမဲ့ ”ဆွမ်းဆန်ထဲ ကြွက်ချေးရော”ဆိုတဲ့အတိုင်း မင်းမဲ့ဝါဒီဆန်ဆန် ဖျက်လိုဖျက်စီးလုပ်သူတွေ အကြမ်းဖက်လုပ်ရပ်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေရဲ့ လှည့်ကွက်တွေ၊ အာဏာပိုင်တွေရဲ့ အင်အားသုံးနှိမ်နင်းမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ ဖြစ်လာရတာကတော့ ဒီမိုကရေစီ အနှစ်သာရရဲ့ တစ်ဖက်ခြမ်းက အမှောင်လမ်းလို့ပဲ ဆိုပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top