နှင်းတောထဲပိတ်မိနေရင်း တွေ့တဲ့သူတွေကို ကာကွယ်ဆေးတွေထိုး‌ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းအဖွဲ့

29-1-2021-yyl-16.jpg

အိုရီဂွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း အယောက် (၂၀) အဖွဲ့ဟာ ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးပြန်တော့ လမ်းမှာ နှင်းမုန်တိုင်းတိုက်လို့ သောင်တင်နေခဲ့ပါတယ်။ သူတို့နဲ့အတူ လမ်းမှာ သောင်တင်နေတဲ့ အခြားသူတွေကို သူတို့မှာပါလာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျန်းမာရေးဝန်ထမ်း အယောက် ၂၀ က Josephine County Public Health Department ကဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပေးပြီးပြန်လာတော့ သူတို့ဆီမှာ ကိုဗစ်ကာကွယ်ဆေး (၆) ဖုံ ကျန်ရှိနေပါတယ်။ အဲဒီဆေး (၆) ဖုံကတော့ အော်ရီဂွန်ပြည်နယ်၊ ဂရန့်ပက်စ်မြို့က လူတွေကို ထိုးပေးရမှာပါ။ ဒါပေမဲ့ သူတို့တွေ နှင်းတောထဲပိတ်မိနေရင်းနဲ့ ကာကွယ်ဆေးတွေ သက်တမ်းလွန်သွားမှာ သိနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေက ကားထဲက ထွက်ပြီး နှင်းတောထဲမှာပဲ သောင်တင်နေတဲ့ အခြားသူတွေကို ကာကွယ်ဆေးထိုးနှံမလားလို့ လိုက်လံမေးမြန်းခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ကို Josephine County Public Health က ဖေ့စ်ဘွတ်ခ်မှာ ပုံတွေနဲ့တကွ မျှဝေခဲ့ကြတာပါ။ ပုံတွေထဲမှာတော့ နှင်းတောထဲသောင်တင်နေတဲ့သူတွေကို Mask ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ဆေးထိုးနှံပေးနေတာတွေ့ရမှာပါ။ ကျန်းမာရေးဝန်ထမ်းတွေမှာ ကျန်ရှိနေတဲ့ ကာကွယ်ဆေး (၆) ဖုံအကုန်လုံးကို နှင်းမုန်တိုင်းအတွင်းမှာပဲ အခြားသူတွေကို ထိုးပစ်ပေးခဲ့တယ်လို့လည်း ကျန်းမာရေးဌာနက ရေးသားထားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ နှင်းမုန်တိုင်းအတွင်း ကာကွယ်ဆေးထိုးပေးတဲ့ သူတွေထဲမှာ အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ ကာကွယ်ဆေးထိုးနှံပွဲကို နောက်ကျမှ ရောက်လာခဲ့တဲ့ Josephine County Sheriff’s Office က ဝန်ထမ်းတစ်ယောက်လည်း ပါဝင်ပါတယ်။ အဲဒီဝန်ထမ်းက အိမ်ပြန်လမ်းမှာ အခုလို ကျန်းမာရေးဝန်ထမ်းတွေနဲ့ တွေ့ခဲ့ရတာပါပဲ။

“အချိန်မီ ကာကွယ်ဆေးထိုးဖို့အတွက် မြို့ကို ပြန်မရောက်နိုင်ဘူးဆိုတာ သိလို့ အခုလိုဆုံးဖြတ်ချက်ချခဲ့တာပါ။ ကျွန်တော်တို့ရဲ့ နံပါတ် ၁ စည်းမျဉ်းက ဘယ်အရာမှ အလဟာသမဖြစ်ဖို့ပါပဲ” လို့ Josephine County ရဲ့ပြည်သူ့ကျန်းမာရေးဒါရိုက်တာ မိုက်ကယ် ဝီဘာ (Micheal Weber) က ပြောပါတယ်။

Ref: ABCNews “Drivers stranded in snowstorm get leftover COVID-19 vaccines”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top