မုတ်သုံရာသီနဲ့ ကျန်းမာရေးပြဿနာတွေ

girl-in-the-street-in-the-rain-J389BWE.jpg

စပါးစိုက်မယ့် တောင်သူဦးကြီးတွေကစလို့ ဇိမ်ကျကျနေရတဲ့ ဒီလို မိုးဥတုကို မနှစ်သက်တဲ့သူက ခပ်ရှားရှားပါနော်။ မြင်ကွင်း စိမ်းစိုစိုကြောင့်လည်း ပတ်ဝန်းကျင် တစ်ခုလုံးက ရုတ်ချည်းဆိုသလို လတ်ဆတ်ပြီး အသက်ဝင်လာပါတော့တယ်။ ဖားလေးတွေရဲ့ မိုးခေါ်သံ၊ အင်းဆက်၊ ပုရစ်ကောင်လေးတွေရဲ့ တေးသီသံတို့ကြောင့်လည်း မိုးဥတုက ပိုလို့နုပျိုနေတာပါ။

သို့ပေမယ့်လည်း မုတ်သုံလေက အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေကို သူနဲ့အတူတပါတည်း ခေါ်ဆောင်လာခဲ့ပါတယ်။ အစာအဆိပ်သင့်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ခြင်း၊ သွေးလွန်တုတ်ကွေး၊ အအေးမိ နှာစေး၊ ကာလဝမ်းရောဂါ၊ ဝမ်းလျှော ဝမ်းပျက်နဲ့ အစာအိမ် ရောင်ယမ်းခြင်းတွေဆိုတာကလည်း ဒီလိုမိုးရာသီမှာပဲ အဖြစ်များကြတာပါ။ နောက်ထပ် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေဟာဆိုရင်လည်း မိုးရာသီမှာပဲ ရောဂါဘယတွေ ကူးစက် ဝင်ရောက်ဖို့ ပိုမိုလွယ်ကူကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ ရောဂါကူးစက်လွယ်တဲ့ မိုးရာသီကို ရောက်ရှိလို့နေပါပြီ။ ဒီနှစ် မိုးတွင်း တစ်လျှောက်လုံးကို ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင်တော့ ယခုပြောပြမယ့် ဒီဆောင်းပါးလေးထဲက နည်းလမ်းလေးတွေကို လိုက်နာ လုပ်ဆောင်ကြည့်လိုက်ပါနော်။

ရေသန့် (သို့) ကျိုချက်ပြီးသားရေကိုပဲ သောက်သုံးပါ

မုတ်သုံရာသီဥတုမှာ ပတ်ဝန်းကျင်ကစိုထိုင်းနေတဲ့အတွက် ချွေးထွက်ပြီးတဲ့အခါမှာ အလွယ်တကူအငွေ့ပြန်ဖို့ ခက်ခဲပါတယ်။ ရေသန့်နဲ့ ရေဆိုးရောထွေးနေတဲ့မိုးရာသီဟာ ပြင်းထန်တဲ့ရောဂါကူးစက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ အိမ် (သို့) ရုံးကနေထွက်တဲ့အခါတိုင်း ရေဆာတဲ့အခါ အချိန်မရွေး သောက်လို့လွယ်အောင် ရေသန့်တစ်ဘူးလောက်တော့ ကိုယ်နဲ့မကွာ သယ်ဆောင်သွားလိုက်ပါ။

တတ်နိုင်သလောက် အပြင်စာတွေကိုရှောင်ပါ

မိုးရာသီမှာ လမ်းဘေးအစားအစာတွေဟာ ဘက်တီရီးယားနဲ့ အခြားသောအန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးမွှာတွေအလွယ်တကူ ကပ်တွယ်နေပါတယ်။ ဝယ်ယူပြီးတဲ့အသား၊ ငါးတွေကိုလည်း သေချာစင်ကြယ်အောင် ဆေးကြောပေးပါ။ အသီးအရွက်တွေကိုဆိုရင်လည်း ရေးနွေးလေးနဲ့ တစ်ခါဖျောပြီးမှ ချက်ပြုတ်တာက ပိုကောင်းပါတယ်။

အစပ်သိပ်မစားပါနဲ့

အထူးသဖြင့် မိုးရာသီမှာ ပန်းနာ ရင်ကျပ်ရှိတဲ့သူတွေက အစပ်စားတာကို လျော့သင့်ပါတယ်။ အစပ်စားများတဲ့အခါ အချွဲလိုက်လာတတ်လို့ ဖြစ်ပါတယ်။

ဆေးစိမ်ခြင်ထောင်နဲ့ ခြင်ဆေးဖြန်းဘူးတွေကိုလည်း အသုံးပြုပေးပါ

မုတ်သုံရာသီဥတုမှာ အချိန်ကြာကြာသိုလှောင်ထားတဲ့ ရေတော်တော်များများက ခြင်ပေါက်ဖွားလွယ်ပါတယ်။ ပန်းအိုးနဲ့ ရေငွေ့အသုံးပြုပန်ကာတွေထဲက ရေတွေကိုတောင် အချိန်မှန်လဲလှယ်ပေးပါ။ဆေးစိမ်ခြင်ထောင်နဲ့ ခြင်ဆေးဖြန်းဘူးတွေအပြင် ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်တဲ့ ခရင်မ်တွေကိုပါ လိုအပ်မယ်ဆို အသုံးပြုပေးနိုင်ပါတယ်။

အခါးအရသာရှိတဲ့ အသီး၊ အရွက်တွေကို ဦးစားပေးစားပါ

တမာရွက်နဲ့ ကြက်ဟင်းခါးသီးတို့လိုမျိုး အခါးအရသာရှိတဲ့ အသီး၊ အရွက်တွေကို ဦးစားပေးစားပါ။ အဲဒီအသီး၊ အရွက်တွေက ရောဂါဘယ ကူးစက်လွယ်ခြင်းနဲ့ ယားယံခြင်းမှ ကာကွယ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

တရားလွန် မစားမိပါစေနဲ့

ကျန်းမာရေး ပြသနာတွေနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိခိုက်စေနိုင်တဲ့ အစားအသောက်တွေကိုတော့ တရားလွန်မစားမိဖို့ မိုးရာသီမှာ ရှောင်ကျဉ်ရပါမယ်။ ပရိုတင်းဓာတ်နည်းနည်းနဲ့ လန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့ အစားအသောက်တွေကိုသာ ရွေးချယ်စားသုံးပေးသင့်ပါတယ်။

ရေအိုင်နဲ့ ဗွက်အိုင်တွေကို တတ်နိုင်သလောက်ရှောင်ပါ

မလွှဲသာလို့ ရေညစ်ညစ်ထဲခြေချမိတဲ့အခါ သင့်ခြေထောက်ကို ချက်ချင်းပြန်ဆေးပြီး နူးညံ့ခြောက်သွေ့တဲ့ ပဝါလေးနဲ့သုတ်လိုက်ပါ။ ဒီအရာက ယားယံခြင်းနဲ့ ပိုးဝင်ခြင်တွေကို အလွယ်တကူဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ မိုးကာ၊ ထီးနဲ့ မိုးတွင်းစီးဖိနပ် အပြည့်အစုံနဲ့သာ မိုးရေထဲထွက်ပါလို့ အကြံပြုချင်ပါတယ်။

အပူ၊ အအေး မျှတအောင်နေပါ

မိုးရေ ဒါမှမဟုတ် ချွေးစိုစိုနဲ့ အိမ်ပြန်ရောက်လာတဲ့အခါတိုင်း လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲ တန်းမဝင်ပါနဲ့။ ရုတ်ချည်းအပူ၊ အအေးကူးပြောင်းခြင်းက သင့်ကို နှာစေး၊ ချောင်းဆိုးနဲ့ အအေးမိရောဂါတွေဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

Ref : Pinterest “Top 10 health care tips during rainy season”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top