သာမန်လူတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုအရှိဆုံးလို့ ခံစားရတဲ့ အသက်အရွယ်

3-9-2021-yyl10.jpg

ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိတာက သင့်ရဲ့ပင်ကိုယ်အရည်အသွေး၊ ပင်ကိုယ်စရိုက်ကို မြှင့်တင်ပေးနိုင်ဖို့ ပန်ဆင်ထားနိုင်တဲ့ အကောင်းဆုံးအဆင်တန်ဆာပါပဲ။ တချို့လူတွေက ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိနေတဲ့အချိန်မှာ တချို့ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိဘူးဖြစ်နေကြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေက ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်ချက်ရှိပြီး ကိုယ့်ကိုယ်ကိုလေးစားတန်ဖိုးထားမှုမြင့်မားကြတယ်လို့ လူတွေက ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ သုတေသီတွေ လေ့လာတွေ့ရှိထားတဲ့ ယုံကြည်မှုအရှိဆုံး အသက်အရွယ်အပိုင်းအခြားက ကျွန်တော်တို့ယုံကြည်ထားကြသလိုမဟုတ်ပါဘူး။

ဘယ်အသက်အရွယ်မှာ လူတွေက ကိုယ့်ကိုယ့်ကို ယုံကြည်ချက်အရှိဆုံးလဲ

ဆွစ်ဇလန်နိုင်ငံ၊ University of Bern က သုတေသီတွေက သူတို့ကိုယ်တိုင် လေ့လာခဲ့တဲ့ တွေ့ရှိချက်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ လေ့လာချက်အရ အသက် ၆၀ အရွယ်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိကြတယ်လို့ သိရပါတယ်။Psychological Bulletin ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ အဲဒီလေ့လာချက်မှာ လူ ၁၆၅,၀၀၀ ကျော်ပါဝင်ထားတဲ့ ၁၉၁ မိမိကိုယ်ကိုလေးစားတန်ဖိုးထားခြင်းသုတေသနဆောင်းပါးကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ အသေးစိတ်အကဲဖြတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိတာက လူတစ်ဦးရဲ့ဘ ၀ တစ်လျှောက်လုံးမြင့်တက်လာတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ် ၁၁ နှစ် ကနေ ၁၅ နှစ်အတွင်းမှာတော့ ယုံကြည်ချက်ရှိမှုက တန့်သွားပါတယ်။ ဒါပေမဲ့ ကျဆင်းမသွားပါဘူး။ ခဏလောက်တော့ တန့်သွားပြီး နောက်မှာ တစ်ဖန် ပြန်ပြီး မြင့်တက်လာပါတယ်။ အသက်တစ်ဝက်မရောက်ခင်ထိတော့ ယုံကြည်ချက်အမြင့်ဆုံးထိမရောက်ပါဘူး။ အမြင့်ဆုံးအမှတ်က အသက် ၆၀ မှာဖြစ်ပြီး အသက် ၇၀နဲ့ ၈၀ မှာ အနည်းငယ်ကျဆင်းမသွားခင်ထိ ခဏတော့ အဲဒီအသက်အရွယ်က ကိုယ့်ကိုယ်ကိုယုံကြည်ချက်အမြင့်ဆုံးဖြစ်နေမှာလို့ လေ့လာချက်က ဆိုထားပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိတာ၊ ကိုယ့်ကိုယ်ကိုလေးစားတန်ဖိုးထားတာက ဘဝတစ်လျှောက်လုံး ဆက်လက်မြင့်တက်နေတယ်ဆိုတဲ့ လေ့လာချက်က စိတ်ဝင်စားစရာကောင်းပါတယ။ အဲဒီလေ့လာချက်မတိုင်ခင်ကတော့ ဆယ်ကျော်သက်အရွယ်မှာ ယုံကြည်ချက်ရှိတာက အထွတ်အထိပ်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ စိတ်ဖိစီးမှုကြောင့် ယုံကြည်ချက်လျော့နည်းသွားတယ်လို့ ယူဆခဲ့ကြတာပါ။ ဒီလေ့လာချက်အသစ်ကို ကြည့်မယ်ဆိုရင် အသက် ၆၀ အရွယ် အသက်ကြီးတဲ့လူအများစုက လူမှုကိစ္စတွေမှာ သိပ်ပြီးမပါဝင်ရတော့ စိတ်ဖိစီးမှုသိပ်မရှိတာကြောင့်ဖြစ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိအောင် ဘယ်လိုလုပ်မလဲ

သင်က ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိဘူးလို့ ခံစားရရင် ယုံကြည်ချက်ရှိလာအောင် လုပ်နိုင်တယ်လို့ သတိရပါ။ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိဖို့လုပ်ဆောင်ရတာ ခက်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ သင့်စိတ်မှာ ပြောင်းလဲမှုတချို့လုပ်ပါ။ ပြောင်းလဲမှုတွေကို သတိပြုမိလာပါလိမ့်မယ်။ အဓိကက စိတ်ပါပဲ။ သင် ကိုယ့်ကိုယ်ကို ယုံကြည်မရှိဘူးဆိုရင် သင် အောင်မြင်မှုရခဲ့တဲ့၊ သင် လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေကို ပြန်ကြည့်လိုက်ပါ။ စာရင်းပြုစုပြီး သင့်အနီးနားမှာ သိမ်းထားပါ။ ယုံကြည်မှုလျော့နည်းလာတယ်လို့ ခံစားရတဲ့ အချိန်တိုင်း မိုတီဗေးရှင်းရအောင် အဲဒီတွေကို ကြည့်ပေးပါ။

လူတိုင်းက အားသာချက်နဲ့ အားနည်းချက်ဆိုတာရှိကြပါတယ်။ အဲဒါတွေကို သိအောင်လုပ်ပြီး သင့်ရဲ့အကျိုးအတွက် အသုံးပြုပါ။ ရည်မှန်းချက်တချို့ထားပြီး အဲဒါတွေကို ပြည့်ဝအောင် ကြိုးစားပါ။ ရည်မှန်းချက်ကြီးကြီးမားမားမဖြစ်လည်းရပါတယ်။ အသေးအမွှားကနေစတင်ပြီး အဲဒါပြည့်မြောက်သွားတာကို ဂုဏ်ယူလိုက်ပါ။ သင် ဝါသနာပါတဲ့တစ်ခုခုကို ရှာဖွေပြီး လုပ်ပါ။ သင် ဝါသနာပါတဲ့အရာကို လုပ်ပြီး အောင်မြင်မှုရရင် ယုံကြည်ချက်ကို မြှင့်တင်ပေးရာရောက်ပါတယ်။

Ref: The exact age when average people are the most confident

WL(ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top