စတန်းဖို့တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသွားခဲ့တဲ့ အိမ်ခြေမဲ့ ကောင်မလေး

700-large.jpg

အမေရိကန် အရှေ့တောင်ဘက်ပိုင်းရှိ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဝမ်ဒဲယ်လ် (Wendell) မြို့တွင် နေထိုင်တဲ့ မီဂန်ဖဲလ်ကလော့ (Megan Faircloth) အမည်ရှိတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ဦးဟာ ငယ်စဉ်ကတည်းက အိမ်ခြေမဲ့တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရသူ တစ်ယောက်ဖြစ်ပြီး ဆွေမျိုးများရဲ့ အိမ်များ၊နားနေဆောင်များမှာ အလှည့်ကျနေထိုင်ခဲ့ရတဲ့ ကောင်မလေးတစ်ဦး ဖြစ်ပါတယ်။

ဒါပေမဲ့ မီဂန်ဟာ အိမ်ခြေမဲ့ကလေးတစ်ဦးဖြစ်ခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အလျှော့မပေးပဲကြံကြံခိုင်ကာ ဝမ်ဒဲယ်လ်မြို့ရှိ အထက်တန်းကျောင်းတွင် အခြေခံပညာ အထက်တန်းအဆင့်ကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ ပညာကို ကြိုးကြိုးစားစားသင်ယူခဲ့တဲ့ မီဂန်ရဲ့ ဇွဲလုံ့လဝီရိယဟာ နောက်ဆုံးမှာ အကျိုးပေးခဲ့ပါတယ်။ မီဂန်ဟာ သိပ်မကြာသေးခင်ကဘဲ ဝမ်ဒဲယ်လ်မြို့ East Wake အထက်တန်းကျောင်းတွင် အဆင့် (၁) ချိတ်ကာ အောင်မြင်ခဲ့ပြီး ကျောင်းတွင်းပြိုင်ပွဲများမှာလည်း ထူးထူးချွန်ချွန် ပါဝင်ခဲ့တဲ့အတွက် မှတ်တမ်းကောင်းများရရှိကာ အကြီးဆုံးအောင်မြင်မှုကတော့ မီဂန်ဟာ စတန်းဖို့တက္ကသိုလ် သို့တက်ရောက်ခွင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မီဂန်နဲ့ သူမတို့ မိသားစုဟာ အိမ်တစ်အိမ်ကို အိမ်ငှားစာချုပ် မရှိပဲ အိမ်ငှားနေထိုင်ခဲ့ပေမဲ့ နောက်ပိုင်းအိမ်ရှင်ဖြစ်သူ သေသွားတဲ့အခါမှာတော့ အိမ်ငှားစာချုပ် မရှိတဲ့အတွက် နှင်ထုတ်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။ သိပ်မကြာခင်မှာလည်း မီဂန်ရဲ့ မိခင်ဖြစ်သူ မဲလ်ဗာ (Melva ) ဟာ အကျိတ်တစ်ခုကို ခွဲစိတ်ကုသခဲ့ရပါတယ်။ ခွဲစိတ်မှုအပြီးမှာတော့ မဲလ်ဗာဟာ အလုပ်မလုပ်နိုင်တော့တဲ့အတွက် အိမ်တောင်ငှားမနေနိုင်တော့ဘဲ အိမ်ခြေမဲ့ဘဝကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ စတန်းဖို့တက္ကသိုလ်သို့ မီဂန် ကျောင်းတက်ခွင့်လျှောက်ထားတဲ့ အခါမှာလည်း အိမ်လိပ်စာတောင်မရှိဘဲ လျှောက်ထားခဲ့ရပေမဲ့ စတန်းဖို့တက္ကသိုလ်မှ အကြီးအကဲများဟာ မီဂန်ရဲ့လုံ့လဝီရိယကို သတိထားမိတဲ့အတွက် လက်ခံခဲ့တယ် လို့သိရပါတယ်။

မီဂန်ကတော့ သူမရဲ့ဘဝကို ”ကျွန်မ အထက်တန်းကျောင်းက ပြန်လာတိုင်း အမေက စားဖို့အတွက် ရှာဖွေခိုင်းတဲ့အတွက် ဟိုတယ်ခန်းတွေနဲ့ မိုတယ်ခန်းတွေကို သွားပြီး တောင်းရမ်းခဲ့ရပါတယ်။ တောင်းရမ်းပြီးလို့ ကျွန်မတို့ အိမ်ပြန်ရောက်တဲ့အချိန်ကျရင် ည (၁၂) နာရီလောက်ရှိပါပြီ။ ကျွန်မ အမေနဲ့ ညီမလေးနှစ်ယောက် အိမ်ပျော်သွားရင် ကျွန်မက ကျောင်းက အိမ်စာတွေကို ကားပါကင်တွေ၊ ဒါမှမဟုတ် ကစားကွင်းလိုနေရာမျိုးတွေမှာ စာလုပ်ခဲ့ပါတယ်။

ကျွန်မအတွက် ခက်ခဲတာတစ်ခုကတော့ ကျွန်မ အပြင်မှာ စာလုပ်နေတဲ့ အချိန်မှာ မိုးတွေရွာလာတာပါပဲ။ အဲ့ဒီအချိန်မှာ ကျွန်မ ရဲ့ ကျောင်းစာအုပ်တွေကို မိုးရေလုံအောင် ဖုံးထားရပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတွေးမိတာကတော့ ဒီအခက်အခဲဟာ ကျွန်မ ဘဝရဲ့ ပညာရေးကို အဆုံးသတ်သွားစေနိုင်သလို ကျွန်မရဲ့ ပညာရေးလမ်းကြောင်းအတွက် တက်ရမဲ့ လှေကားအစပဲလို့ ယူဆပြီး အကောင်းဆုံး ကျော်ဖြတ်ခဲ့ပါတယ်” လို့ မီဂန်က ပြောခဲ့ပါတယ်။

Ref ; ABC News. News ; Formerly homeless teen is accepted to Stanford University
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top