လီဂူး-၁ ပွဲစဉ်တွေကို ဧပြီလ ၁၅ ရက်အထိ တံခါးပိတ်ကစားရမယ်

11-3-2020-yyl-010.jpg

ပြင်သစ်အစိုးရက Covid-19 ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ လီဂူး-၁ ပွဲစဉ်တွေကို ဧပြီလလယ်အထိ တံခါးပိတ်ကစားရဖို့ ရှိနေပါတယ်။ လီဂူး-၁ ပွဲစဉ်တွေကို တံခါးပိတ် ကစားတာ ဒါမှမဟုတ် အားကစားပွဲလမ်း အခမ်းအနားတွေအတွက် အစိုးရရဲ့ သတ်မှတ်ချက်အတိုင်း ပရိသတ် ၁၀၀၀ လောက်ပဲ ခွင့်ပြုဖို့ ရှိတယ်လို့ ပြင်သစ်အားကစားဝန်ကြီး မာရာချီနီယာနူက အတည်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံပြင်ပ နိုင်ငံတွေထဲမှာ Covid-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံကလည်း ကူးစက်ခံရသူ မြင့်တက်လာတဲ့ အခြေအနေကို တွန်းလှန်နိုင်ဖို့အတွက် စီးရီးအေပွဲစဉ်တွေကို အခုလကုန်အထိ တံခါးပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အယ်ဆာစီဒေသမှာ Covid-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ပွားနေလို့ လာမယ့်စနေနေ့မှာ ကစားမယ့် စထရာဘိုး-ပီအက်စ်ဂျီပွဲစဉ်က ပထမဆုံး ရွှေ့ဆိုင်းရမယ့်ပွဲစဉ် ဖြစ်လာပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့ကျရင် ဒေါ့မွန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကိုလည်း ပရိသတ်မပါဘဲ ကစားရမှာပါ။ မတ်လ ၂၂ ရက်ကျရင် မာဆေးနဲ့ ပီအက်စ်ဂျီအသင်း ကစားရမယ့်ပွဲစဉ်၊ ဧပြီလ ၄ ရက်ကျရင် ပီအက်စ်ဂျီနဲ့ လိုင်ယွန်အသင်း ကစားရမယ့် ပြင်သစ်ရှုံးထွက်ဖလား ပွဲစဉ်တွေကလည်း စည်းမျဉ်းသစ်နဲ့ အကျုံးဝင်မှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ Covid-19 ကူးစက်ခံရသူ ၁၂၀၀ ကျော်ရှိနေပြီး လူ ၁၉ ယောက် သေဆုံးခဲ့ပါတယ်။ ရောဂါပြန်သက်သာလာသူကတော့ ၁၂ ယောက်ပဲ ရှိပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top