ဓမ္မတာလာခြင်းက ရှက်ရွံ့စရာကောင်းတယ်ဆိုတဲ့အမြင်တွေကို ပြောင်းလဲနိုင်ရန် ရည်ရွယ်တဲ့ ဆိုရှယ်မီဒီယာလှုပ်ရှားမှုပြုလုပ်

So-What-Photo-1.png

ဆိုရှယ်မီဒီယာကမ်ပိန်းက အမျိုးသမီးများ ဓမ္မတာလာခြင်းဟာ ရှက်ရွံ့စရာကောင်းတယ်ဆိုတဲ့ အတွေးအမြင်တွေကို ပြောင်းလဲနိုင်ရန်ရည်ရွယ်ပြီး အသိပညာပေးအချက်အလက်များ၊ အတွေ့အကြုံဇာတ်လမ်းများ၊ အပြုသဘောဆောင်တဲ့ ခွန်အားဖြစ်စေမယ့် စာစုများကို မျှဝေပေးတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ Hashtag #မရှက်ပါဘူး (“I’m not ashamed of it”) ကို အသုံးပြုပြီး မိန်းကလေးငယ်များနှင့် အမျိုးသမီးများကို ဓမ္မတာလာစဉ်ရှက်ရွံ့မှုများနှင့် ပတ်သက်ပြီး သူတို့ရဲ့ အတွေ့အကြုံများကို မျှဝေစေခဲ့ပြီး အခြားသော အမျိုးသမီးများလည်း ဓမ္မတာသွေးနှင့် ပတ်သက်ပြီး ရှက်ကြောက်မနေဘဲ ဂုဏ်ယူသင့်ကြောင်းကို တိုက်တွန်းနှိုးဆော်ပေး ခဲ့ပါတယ်။

အမျိုးသားများအနေနှင့်လည်း မြန်မာ့လူမှုအဖွဲ့အစည်းတွင် တွေ့မြင်ရလေ့ရှိတဲ့ ဓမ္မတာလာစဉ်ရှက်ရွံ့နေမှုများနှင့် အမျိုးသမီးများရင်ဆိုင်ရတဲ့အခက်အခဲများကို ပြောင်းလဲနိုင်ရန် သူတို့အမြင်များကို Hashtag ကိုအသုံးပြုကာ မျှဝေခြင်းအားဖြင့် အားပေးထောက်ခံခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ဆိုရှယ်မီဒီယာ Influencer များ ဖြစ်ကြတဲ့ ဒေါက်တာဖြိုးသီဟ၊ ဖြိုးပပအောင်၊ ရာဇာဝိဇယ၊ ဒေါက်တာယဉ်ယဉ်နှောင်း၊ Wild YangonThu နှင့် Dr.Nutrition တို့ ကလည်း သူတို့ရဲ့ အတွေ့အကြုံများ၊ ဇာတ်လမ်းများ၊ အားပေးထောက်ခံသည့်စာစုများနှင့်အတူ ကမ်ပိန်းတွင် စိတ်ဝင်တစား ပါဝင်အားဖြည့် ကူညီခဲ့ကြပါတယ်။

So What!? က ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်တဲ့ “ပန်းကလေး” (Pan Ka Lay) လူမှုရေး လှုပ်ရှားမှုအဖွဲ့ရဲ့ အမျိုးသမီးများ ရာသီကျန်းမာရေးအတွက် အသိပညာပေးလှုပ်ရှားမှု တစ်ခုဖြစ်ပြီး မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ဓမ္မတာလာခြင်းနှင့် ပတ်သက်တဲ့ မှန်ကန်သည့်ကျန်းမာရေး အသိပညာများရရှိစေရန်၊ မိမိတို့ ကိုယ်ခန္ဓာဖွဲ့စည်း တည်ဆောက်ပုံနှင့် အမျိုးသမီးအဖြစ် မွေးဖွားရှင်သန်ရခြင်းအပေါ် အကောင်းမြင်စိတ်များ ပိုမိုတိုးပွားလာစေရန် ကြိုးပမ်းလျက်ရှိတဲ့ ဆိုရှယ်မီဒီယာ ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုအပြင် “ပန်းကလေး” (Pan Ka Lay) အနေဖြင့် ဆက်ကျော်သက် ယောကျာ်းလေးများနှင့် မိန်းကလေးများအတွက် အရွယ်ရောက်ခြင်း ခေါင်းစဉ်နှင့် ပတ်သက်ပြီး ကျောင်းတွင်းဟောပြောပွဲများနှင့်TEDx ကဲ့သို့ ကွန်ဖရင့်များ ကျင်းပခြင်းတို့ ပြုလုပ်ခဲ့ပြီး၊ ဆယ်ကျော်သက် အရွယ်များအတွက် ပညာပေး ရုပ်ပြစာအုပ်များလည်း ဇူလိုင်လမှာ ထုတ်ဝေသွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ စတင်ခဲ့တဲ့ So What!? ကမ်ပိန်းဟာ လူမှုအသိုင်းအဝန်းကြား ဓမ္မတာလာခြင်းနှင့် ပတ်သက်တဲ့ မှန်ကန်သည့်အသိပညာများနှင့် ၎င်းအပေါ်အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုပေးစေရန် အတွက်ရည်ရွယ်ပြီး အနုပညာရှင်များ၊ ဆရာဝန်များနှင့်အတူ အပတ်စဉ် အကြောင်းအရာများနှင့် အသိပညာပေးခဲ့ပါတယ်။

So What!? သည် လူမှုပတ်ဝန်းကျင်တွင် ဓမ္မတာသွေးနှင့်ပက်သက်သည့် အယူအဆအလွဲများကို ပြောင်းလဲရန် ကြိုးစားနေပြီး အမျိုးသားငယ်နှင့် အမျိုးသမီးငယ်များကြားတွင် ရာသီသွေးအကြောင်းကိုနားလည်စေရန်နှင့် သာမန်ကိစ္စ အနေနှင့် ရှုမြင်တတ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဓမ္မတာသွေးက စွမ်းရည်၊ ယုံကြည်မှုရှိခြင်းကို ဖော်ပြတဲ့ စကားလုံးတစ်ခုဖြစ်ပြီး ရာသီလာခြင်းက ကမ္ဘာ့ လူဦးရေရဲ့ တစ်ဝက်ခန့် အမျိုးသမီးထု လစဉ်ရင်ဆိုင်ဖြတ်သန်းရသော အရေးပါအရာရောက်တဲ့ ခန္ဓာဗေဒဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း အသိပညာပေးနိုင်ရန် ရည်ရွယ်ပါတယ်။

ဓမ္မတာကျန်းမာရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အသိပညာနည်းပါးခြင်းကို သတိပြုမိသောကြောင့် ပန်းကလေးက ၂၀၁၇ ခုနှစ်မှ စတင်ကာ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ၊ တစ်ဦးတစ်ယောက်ခြင်း အင်တာဗျူးများ၊ စစ်တမ်းကောက်ယူမှုများဖြင့် မိန်းကလေးငယ်များ၊ အမျိုးသားနှင့် အမျိုးသမီး အယောက် (၅၀၀) ကျော်ကို ဆက်သွယ်လေ့လာခဲ့ပါတယ်။၂၀၁၉ ခုနှစ်မှာ ပန်းကလေးရဲ့ စစ်တမ်းကောက်ယူမှု ရလဒ်များအရ ရန်ကုန်မြို့ရှိ အသက် ၁၅ နှစ်မှ ၃၀ နှစ်အတွင်း အမျိုးသမီးများရဲ့ ၈၃ ရာခိုင်နှုန်းက ရာသီသွေးဟာ မသန့်ရှင်းဆိုတဲ့ အယူအဆရှိကြောင်းကို သိရပါတယ်။

၂၀၁၈ ခုနှစ် Burnet တက္ကသိုလ်ရဲ့လေ့လာမှုအရ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများမှာ ဓမ္မတာလာခြင်းနှင့် ပတ်သတ်၍ စိုးရိမ်ဖွယ်ရာ အချက်အလက်များစွာကို တွေ့ရှိခဲ့ပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်သောမိန်းကလေး (၇၀) ရာခိုင်နှုန်းက Pad (အမျိုးသမီးလစဉ်သုံးပစ္စည်း) တစ်ခုကို ၈ နာရီ‌ ကျော်အထိ (ညွှန်းဆိုထားသည့် အချိန်ထက် ၂ ဆ ပိုသောအချိန်) ကြာမြင့်စွာ ဝတ်ဆင်လေ့ရှိပြီး ရလဒ်အနေဖြင့် (၂၄) ရာခိုင်နှုန်းက အချိန်မရွေး ဆီးလမ်းကြောင်း ပိုးဝင်နိုင်သည့် လက္ခဏာများ ခံစားခဲ့ရပါတယ်။ ဒီလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးရှစ်ယောက်မှာ တစ်ယောက်က သူတို့ရဲ့ နောက်ဆုံး ဓမ္မတာလာချိန်မှာ အဝတ်အစားများ စွန်းထင်းကာ အရှက်ရမှာကို ကြောက်ရွံ့ပြီး ကျောင်းတက်ရက် တစ်ရက်နှင့် တစ်ရက်ထက်ပိုပြီး ပျက်ကွက်ခဲ့ရတယ်လို့ တင်ပြခဲ့ပါတယ်။ အလားတူကြောက်ရွံ့မှုကြောင့် ဓမ္မတာလာနေစဉ် ကျောင်းတက်တဲ့ မိန်းကလေးများသည်လည်း အာရုံစူးစိုက်မှု လျော့နည်းကြောင်း၊ စာသင်ခန်းတွင်း လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကို လျော့နည်းလာကြောင်း၊ အထူးသဖြင့် အတန်းရှေ့တွင် မတ်တပ်ရပ်ရန် တွန့်ဆုတ်နေတတ်ကြောင်း ဖော်ပြ ထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top