(၃) ထပ်တိုက်အိမ်ကို အပင်ပေါင်း ၁၀ဝဝဝ ကျော် နဲ့ စိုက်ပျိုးရေးခြံအဖြစ် ပြောင်းလဲခဲ့တဲ့ အမျိုးသား

13-12-2022-yyl-28.jpg

အက်တာ ပရာဒါက်ရှ်ပြည်နယ်၊ ဘရီးလ်လီမြို့နေထိုင်သူတစ်ဦးက သူ့ရဲ့ ၃ ထပ်တိုက်ကို အပင်ပေါင်း ၁၀၀၀၀ ကျော် နဲ့ ခြုံလွှမ်းခဲ့ပါတယ်။ သူ့ရဲ့အိမ်ကို အခုလိုလုပ်ခဲ့တာက အကြောင်းအရင်းရှိပါတယ်။ ရမ်ဗီ ဆင်းချ်ဆိုတဲ့ အဲဒီအမျိုးသားရဲ့သူငယ်ချင်းဦးလေးက ကင်ဆာရောဂါခံစားခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ စတင်ပြီး အပင်တွေ စိုက်ဖို့ ဖြစ်လာခဲ့တာပါ။ သူ့သူငယ်ချင်းရဲ့ဦးလေး ကင်ဆာရောဂါဖြစ်မှန်းသိတော့ အဲဒီရောဂါနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာကြည့်ခဲ့တယ်။ ကင်ဆာရောဂါက ဓာတုပစ္စည်းပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကြောင့် အဖြစ်များတယ်ဆိုတာ သိခဲ့ရတယ်။ ပထမတော့ သူ ကြောက်သွားခဲ့ပေမဲ့ သူ့မိသားစုကို ဒီလိုအန္တရာယ်မဖြစ်အောင် ထားဖို့ဆုံးဖြတ်ခဲ့တယ်။

ရမ်ဗီက သူ့ရဲ့အချိန်ပြည့်သတင်းထောက်အလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်ပြီး သူ့ရဲ့ဘိုးဘွားပိုင်မြေမှာ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့ အချိန်ပေးဖြစ်ခဲ့တယ်။ သူ့ရဲ့ခြံက ဘရီးလ်လီမြို့ကနေ ၄၀ ကီလိုမီတာ ဝေးတယ်။ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့နဲ့ အထွက်နှုန်းတိုးဖို့ အဲဒီကို သွားခဲ့ရတယ်။ သူဟာ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး အော်ဂဲနစ်ခြံထွက်ကုန်တွေကို စီးပွားဖြစ်ရောင်းချခဲ့တယ်။

၂၀၁၇-၂၀၁၈ ခုနှစ်မှာ သူဟာ စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ပရိုဂရမ်တစ်ခုအတွက် ဒူဘိုင်းကို သွားရောက်ခဲ့ပြီး ဟိုက်ဒရိုပိုနစ်စိုက်ပျိုးရေးအကြောင်းလေ့လာခဲ့တယ်။ ဒီနည်းက မြေဆီလွာမလိုအပ်ဘဲ ပိုမွှားကျရောက်မှုနည်းပါးစွာနဲ့ အပင်ကြီးထွားနိုင်ပြီး အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ ရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို သက်သာစေတယ်ဆိုတာ သူ သိခဲ့ရတယ်။

ရမ်ဗီက လယ်သမားတွေဆီက စိုက်ပျိုးနည်းစနစ်တွေကို (၂) ပတ်ကြာလေ့လာခဲ့တယ်။ သူပြန်လာ‌တော့ သူ့အိမ်မှာ စိုက်ပျိုးနည်းစနစ်တွေနဲ့ စမ်းသပ်ကြည့်ဖို့ လုပ်ခဲ့တယ်။ သူက လသာဆောင်တွေနဲ့ နေရာအလွတ်တွေမှာ ဟိုက်ဒရိုပိုနစ်စနစ်တွေ ထားဖို့ ပိုက်တွေနဲ့ အခြားအခြေခံပစ္စည်းကိရိယာတွေကို စအသုံးပြုခဲ့တယ်။ Nutrient Film Technique (NFT) နဲ့ Deep Flow Technique (DFT) အသုံးပြုပြီးတော့ ခြံအတွက် နည်းလမ်း(၂) ခု ဖန်တီးခဲ့တယ်။ အခုဆို သူ့ရဲ့ (၃) ထပ်တိုက်အိမ်ကို ဟိုက်ဒရိုပိုနစ်ခြံအဖြစ် ပြောင်းလဲပြီး‌တော့ ဝင်ငွေတွေ အများကြီးရနေပါတယ်။ အဲဒီခြံအကျယ်အဝန်းက အပင်ပေါင်း (၁၀၀၀၀) ကျော်နဲ့ ၇၅၀ စတုရန်းမီတာရှိပါတယ်။

ရုံးပတီ၊ ငရုတ်၊ ငရုတ်အနွယ်ဝင်အပင်၊ ဘူးသီး၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာပွင့်၊ ဟင်းနုနွယ်၊ ဂေါ်ဖီ၊ စတော်ဘယ်ရီ၊ ပဲနံ့သာနဲ့ ပဲလုံးအပင်တွေအပါအဝင် အပင်တော်တော်များများ စိုက်ပျိုးပါတယ်။ သူက ဟိုက်ဒရိုပိုနစ်နဲ့ ရာသီအလိုက် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတာပါ။ ဟိုက်ဒရိုပိုနစ် စိုက်ပျိုးနည်းက အော်ဂဲနစ်စိုက်ပျိုးတာထက် ကျန်းမာရေးနဲ့ပိုညီညွှတ်တယ်လို့ ရမ်ဗီက ယုံကြည်ထားပါတယ်။ သူ့ရဲ့စွဲမက်ဖွယ်ကောင်းပြီး ထူးခြားတဲ့ခြံက ဘေးတစ်ဖက်တစ်ချက်စီမှာချိတ်ဆွဲထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ခြုံလွှမ်းထားတဲ့ ကွန်ကရစ်အဆောက်အဦးဖြစ်နေတဲ့အတွက် ဖြတ်သွားဖြတ်လာသူတွေရဲ့အာရုံကို ဆွဲဆောင်ထားပါတယ်။ ရမ်ဗီက တစ်နှစ်ကို ဝင်ငွေ ရူပီး သိန်း ၇၀ ဝင်တဲ့ Vimpa Organic and Hydroponics ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ခဲ့ပါတယ်။

Ref: This Man Covered His 3-storey House In Uttar Pradesh With 10,000 Plants: Here’s Why

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top