စပါးကို ရှုံးပြီးနောက် မန်စီးတီးအသင်းသားတွေကို ဂွာဒီယိုလာက အဝတ်လဲခန်းထဲမှာ မိနစ်(၅၀)ကြာပိတ်ထားတယ်လို့ ဆို

yyl-011.jpg

စပါးအသင်းကို(၂)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ့ရဲ့အသင်းသားတွေကို အဝတ်လဲခန်းထဲမှာ မိနစ်(၅၀)ကြာ သော့ပိတ်ထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန်မိနစ်(၄၀)မှာ ဂန်ဒိုဂန်ရဲ့ ပင်နယ်တီကန်ချက်ကိုလည်း စပါးဂိုးသမား ဟူဂိုလိုရစ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၆၀)မိနစ်မှာတော့ ဇီချန်ကို နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး နောက်(၃)မိနစ်အကြာမှာ စပါးအတွက် ပွဲဦးထွက် ပါဝင်ကစားတဲ့ တောင်ပံကစားသမား စတီဗင်ဘာ့ဂ်ဝင်းက အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ ဟောင်မင်ဆန်က ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

မန်စီးတီးဟာ အခုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာက လီဗာပူးနဲ့ (၂၂)မှတ်အထိ ကွာဟခဲ့ပါပြီ။ မန်စီးတီးအသင်း ရှုံးပွဲကြုံခဲ့ပေမဲ့ သူ့ကစားသမားတွေကို ကြိမ်းမောင်းခဲ့ခြင်းမရှိဘူးလို့ ဂွာဒီယိုလာက ဆိုပါတယ်။ ” ဒီခြေစွမ်းမျိုးကို ကြိမ်းမောင်းလို့မရပါဘူး။ ကျွန်တော့်နည်းပြအဖွဲ့ဝင်တွေ၊ ကျွန်တော့်မိန်းမနဲ့ ကစားသမားတချို့ကို စကားပြောခဲ့တာပါ။ ဒီခြေစွမ်းမျိုး ကစားတာကို ညံ့တယ်လို့ ပြောရင် အမှားကြီးမှားသွားမှာပါ။ တစ်ခါတလေလည်း ဒီလိုမျိုးဖြစ်ဖူးပါတယ်”လို့ ဂွာဒီယိုလာက ပြောပါတယ်။ ဒီပွဲမှာ ဇီချန်ကို ထုတ်ပယ်ခံခဲ့ရတာက ပွဲရဲ့အလှည့်အပြောင်း ဖြစ်သွားခဲ့တယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top