Covid-19 ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ရွှေတိဂုံစေတီတော်ဝတ္တမြေမှာ လူစုလူဝေးဆိုင်ရာကိစ္စတွေကို တားမြစ်ထား

19-3-2020-yyl-0013.jpg

COVID-19 ရောဂါကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်းမှာ လူစုလူဝေးနဲ့ စတုဒိသာကျွေးမွေး လှူဒါန်းတာတွေကို မပြုလုပ်ကြဖို့ ညွှန်ကြားထားတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံး ကနေ သိရပါတယ်။

ဒါ့အပြင် ဝတ္တကမြေအတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ဇရပ်၊ ဓမ္မာရုံတွေမှာ တရားစခန်းဖွင့်လှစ်တာ၊ စုပေါင်းဒုလ္လဘရဟန်းခံတာတွေကိုလည်း မပြုလုပ်ကြဖို့အတွက် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

အခုလိုလူစုလူဝေးမဖြစ်အောင် ဆောင်ရွက်နေတဲ့အပြင် စောင်းတန်းတွေ၊ ဓါတ်လှေခါးတွေမှာ အပူချိန် တိုင်းတာမှုတွေ၊ လက်ဆေးရည်တွေပေးပြီး လက်ဆေးစေတာတွေနဲ့ နှာခေါင်းစည်းတွေ ဖြန့်ဝေပေးတာတွေကို လည်း ဆောင်ရွက်နေတာပါ။

”COVID-19 ဖြစ်ပွားပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြည်ပဘုရားဖူးတွေအပြင် ပြည်တွင်းဘုရားဖူး တွေကိုပါ အပူချိန်တိုင်း၊ လက်ဆေး၊ နှခေါင်းစည်းတွေတပ်ဆင်ပြီးမှ ဘုရားပေါ်ကို တက်ရောက်ဖူးမြှော်စေပါတယ်” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က ပြောပါတယ်။

သန့်ရှင်းရေးနဲ့ ပတ်သက်ရင်လည်း ည ၁၀ နာရီထိုးတာနဲ့ ရင်ပြင်တော်၊ ဇရပ်၊ စောင်းတန်း၊ ဓာတ်လှေခါး တွေကို ဆပ်ပြာရည်တွေ၊ ပိုးသတ်ဆေးရည်တွေနဲ့ ဆေးကြောတာတွေကို ဆောင်ရွက်နေပြီး ဘုရားဖူးတွေ ဝတ်ပြု တဲ့အခါ တစ်ဦးနဲ့ တစ်ဦး သုံးပေခွာပြီးဝတ်ပြုကြဖို့ကိုလည်း မေတ္တာရပ်ခံထားတယ်လို့ ဦးရဲအောင်နိုင်က ဆိုပါတယ်။

လက်ရှိအချိန်မှာ ရွှေတိဂုံစေတီတော်ပေါ်ကို ပြည်တွင်းဘုရားဖူးတွေ ပုံမှန်ဝင်ရောက်နေပေမယ့် နိုင်ငံခြားသား ဘုရားဖူးဧည့်သည်တွေ ဝင်ရောက်မှုကတော့ အရင်ကထက် သိသိသာသာနည်းပါးသွားတယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကနေ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top