မြို့နယ်၊ ရပ်ကွက်အရောက် သား၊ ငါး၊ စားသောက်ကုန်များ လှည့်လည်ရောင်းချပေးသည့်အစီအစဥ် စတင်

24-10-2020-yyl-026.jpg

ရန်ကုန် အောက်တိုဘာ ၂၆

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့မှ ကြီးမှူး၍ အောက်တိုဘာ ၂၆ ရက်မှစတင်ကာ သား၊ ငါး၊ စားသောက်ကုန်များကို မြို့နယ်၊ ရပ်ကွက်များအရောက် လှည့်လည်ရောင်းချပေးခဲ့သည်။


ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး၊ ဈေးများသို့ သွားရောက်ဝယ်ယူခြင်းမပြုသည့် အတွက် ကူးစက်ရောဂါပြန့်ပွားမှုမှ အထိုက်အလျောက်ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များကို ဝယ်ယူရရှိနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယခုအစီအစဥ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုအစီအစဥ်ကို ရှေ့ပြေးစမ်းသပ်ကာလအဖြစ် အောက်တိုဘာ ၂၆ ရက်က ရန်ကင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နှင့် တာမွေမြို့နယ်တို့ရှိ ရပ်ကွက်၊ အိမ်ရာဝင်းများနှင့် လမ်းမကျယ်များပေါ်တွင် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ စီမံခန့်ခွဲမှုဖြင့် စတင်ရောင်းချပေးခဲ့သည်။

အဆိုပါလှည့်လည်ရောင်းချပေးသည့်အစီအစဥ်ကို အောက်တိုဘာ ၂၇ ရက်တွင်လည်း သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် မရမ်းကုန်းမြို့နယ်တို့တွင်၌ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့ပြင် နေ့စဥ◌်ရောင်းချပေးသွားမည်အစီအစဥ်များကိုလည်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၏ Facebook Page မှလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများမှလည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှလည်းကောင်း အများပြည်သူသိရှိစေရန် ကြေညာပေးသွားမည်ဖြစ်သည်။

ယင်းအစီအစဥ်တွင် လက်လီရောင်းချပေးမည့် စားသောက်ကုန်များမှာ ကြက်သား(CP)၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုပ်ပိုးပြီး ရေချို/ရေငံငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်မျိုးစုံများဖြစ်ရာ ယင်းတို့ကို သက်သာသောဈေးနှုန်းများဖြင့် နေ့စဥ် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo – UMFCCI

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top