အန်စလော့တီနဲ့ ဖုန်းပြောဖြစ်လားဆိုတဲ့ မေးခွန်းကို အီဘရာဟီမိုဗစ် ဟာသလုပ်

yyl-23-006-1.jpg

နာပိုလီအသင်းထံ ပြောင်းရွှေ့လာဖို့ နည်းပြအန်စလော့တီက ဖုန်းဆက်ခဲ့သလားဆိုတာကို အယ်လ်အေဂလက်ဇီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ လာမယ့်ဒီဇင်ဘာလမှာ အယ်လ်အေဂလက်ဇီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အီတလီမြေကို တစ်ကျော့ပြန်ခြေချနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့စနေနေ့ညနေမှာ နာပိုလီနည်းပြ အန်စလော့တီက အီဘရာဟီမိုဗစ်ကို ခေါ်ယူသွားမယ်လို့ ဟာသပြောခဲ့ပါတယ်။ အန်စလော့တီဟာ အေစီမီလန်နဲ့ ပီအက်စ်ဂျီအသင်းတွေကို ကိုင်တွယ်ခဲ့တုန်းက အီဘရာဟီမိုဗစ်နဲ့အတူ လက်တွဲခဲ့ဖူးပါတယ်။ အန်စလော့တီက သူ့ကို ဖုန်းဆက်လားလို့ သတင်းထောက်တစ်ယောက်က မေးမြန်းချိန်က အီဘရာဟီမိုဗစ်က ရယ်မောစရာအဖြစ် တုံ့ပြန်သွားခဲ့ပါတယ်။ ”ကျွန်တော့်ကို လူတိုင်းဖုန်းဆက်တယ်။ ခင်ဗျားရော ကျွန်တော့်ဖုန်းနံပါတ် ယူဦးမလား။ ယူထားလိုက်ရင် ခေါ်လို့ရတာပေါ့။ ကျွန်တော်တို့ အချိန်ညှိလိုက်မယ်လေ”လို့ အီဘရာဟီမိုဗစ်က ဆိုခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အယ်လ်အေဂလက်ဇီအတွက် (၅၇) ပွဲကစားရာမှာ (၅၂)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ မေဂျာလိဂ်မှာ ဆက်ကစားသင့်တယ်လို့ အဲဒီသတင်းထောက်က အကြံပေးခဲ့တာကိုလည်း အီဘရာဟီမိုဗစ်က ငြင်းဆန်ခဲ့ခြင်းမရှိပါဘူး။ အသက်(၃၈)နှစ်ရှိတဲ့ အီဘရာဟီမိုဗစ်ဟာ ဂျူဗင်တပ်၊ အင်တာမီလန်၊ အေစီမီလန် စတဲ့ အီတလီ ကြီး(၃)ကြီးအတွက် ကစားပေးခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top