မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် (၃.၈) ဘီလီယံနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား ဝယ်ယူဖို့ရှိနေ

5c694bf1bc6ff.jpg

ဆော်ဒီအာရေဗျနိုင်ငံ၊ တော်ဝင်မိသားစုရဲ့အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက်ဘင်ဆာလ်မန် (Mohammad Bin Salman) ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် (၃.၈) ဘီလီယံနဲ့ ဝယ်ယူဖို့ရှိနေတယ်လို့ The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ဆော်ဒီမင်းသားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို နောက်နှစ်ဘောလုံးရာသီမစတင်မီမှာပဲ ဝယ်ယူလိုကြောင်း အသင်းပိုင်ရှင် ဂလေဇာမိသားစုထံ ကမ်းလှမ်းလာခဲ့ပြီး ဂလေဇာမိသားစုဘက်ကလည်း လိုလိုလားလားရောင်းချလာဖွယ် ရှိနေပါတယ်။

ဂလေဇာမိသားစုအသိုင်းအဝိုင်းကလာတဲ့ အတွင်းသတင်းရင်းမြစ်တွေအရတော့ ဂလေဇာတို့အုပ်စုဟာ အသင်းကို ထုတ်ရောင်းချလိုစိတ် အလျဉ်းမရှိပေမဲ့ ဆော်ဒီမင်းသားဘက်က ကမ်းလှမ်းလာတဲ့ မက်လောက်ဖွယ်ငွေကြေးပမာဏကြောင့် လက်ခံလာနိုင်ဖွယ်ရှိနေပါတယ်။ အသင်းတာဝန်ရှိသူတွေဟာ ဆော်ဒီနိုင်ငံမှာ အချိန်ကြာမြင့်စွာ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ အခုလိုမက်မောဖွယ်ကမ်းလှမ်းမှုတစ်ရပ် ထွက်ပေါ်လာခဲ့တာ ဖြစ်ကြောင်းလည်း The Sun သတင်းစာက ဆက်လက်ဖော်ပြသွားခဲ့ပါတယ်။

ဂလေဇာမိသားစုဟာ ၂၀၀၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာ အသင်းကို ပြန်ရောင်းချနိုင်ခဲ့မယ်ဆိုရင် အရောင်းအဝယ်အမြတ်အစွန်း ၂.၂ ဘီလီယံ အထိရရှိမှာဖြစ်တာကြောင့် ဒါဟာ ဆက်လက်စောင့်ကြည့်ချင်စရာကောင်းတဲ့ စိတ်ဝင်စားဖွယ်ရာအနေအထားတစ်ခု ဖြစ်ပါတယ်။

ဆော်ဒီမင်းသားအနေနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းချိတ်ဆက်မှုတွေရှိနေခဲ့ပေမဲ့ သတင်းထောက် ခါရှော့ဂီအသတ်ခံရမှုမှာ မင်းသားရဲ့ပါဝင်ပတ်သက်မှုတွေ ရှိနေခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်မှုတွေကြောင့် အဆိုပာကမ်းလှမ်းမှုဟာ ပျက်ပြယ်သွားခဲ့ရဖူးပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကိုသာ ဆော်ဒီအုပ်စုဘက်က ဝယ်ယူနိုင်ခဲ့ယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ ယူအေအီး အဘူဒါဘီအုပ်စုနဲ့အတူ ဆော်ဒီတော်ဝင်မိသားစုတို့ဟာ အပြိုင်အဆိုင် အသင်းတည်ဆောက်မှုတွေဖြစ်လာဖို့ရှိနေပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုများစွာကို ပိုမိုမြိုင်ဆိုင်စွာ မြင်တွေ့ရနိုင်ခြေရှိနေတာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး လာမယ့်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်သွားခဲ့ရင်တော့ ဆော်ဒီမင်းသားအနေဲ့ အသင်းကို ၃.၈ ဘီလီယံ ပမာဏထက် လျော့နည်းတဲ့တန်ဖိုးနဲ့ ဝယ်ယူဖို့ ပြင်ဆင်ထားကြောင်းလည်း သိရှိရပါတယ်။

Ref: DailyMail ” Manchester United ‘receive whopping £3.8BN takeover bid’ from Saudi Crown Prince ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top