ပိတ်ရက်လေးမှာ ကြည့်စရာ ဇာတ်ကားလေးတွေ

maxresdefault-1.jpg

ဒီတစ်ပတ်ညွှန်းချင်တဲ့ကားလေးတွေကတော့ တစ်မျိုးတစ်ဖုံရသပေးစွမ်းနိုင်ပြီး စိတ်ထဲတွေးစရာကျန်နေခဲ့နေမယ့် ကားလေးတွေဖြစ်ပါတယ်။

၁။ Schindler’s List

ဂျူးဆိုတဲ့နာမည်ကြားလိုက်တာနဲ့တင် သမိုင်းကြောင်းမှာ သူတို့ဘယ်လောက်အဖိနှိပ်ခံခဲ့ရသလဲ။ ဘယ်လောက်ရင်နင့်စရာဖြစ်ရပ်တွေ ရင်ဆိုင်ခဲ့ရသလဲဆိုတာ တွေးမိကြမှာပါ။ အထူးသဖြင့် ဟစ်တလာရဲ့ မျိုးတုန်းသတ်ဖြတ်ရေး အစီအစဉ်တွေပေါ့။ ကိုယ့်မိသားစုဝင်တွေ ကိုယ့်အရှေ့မှာ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ တိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံခံရတာ မတွေးရဲအောင် ညှဉ်းဆဲခံရတာစသဖြင့် သွေးပျက်ဖွယ်အရာတွေအပါအဝင်ပါပဲ။ စွန့်ပစ်အဆောက်အဦးအိုကြီးတွေ စက်ရုံဟောင်းကြီးတွေဟာ တစ်ချိန်က ဂျူးတွေရဲ့ငရဲခန်းပါပဲ။ နာဇီတွေရဲ့အစမ်းသပ်ခံ အဖိနှိပ်ခံသားကောင်တွေရဲ့ ပင့်သက်ရှိုက်သံတွေဟာ အခုထိ အဲ့ဒီနေရာဒေသတွေမှာ ပဲ့တင်ထပ်နေမှာ အသေအချာပါပဲ။

ဒီလိုဖြစ်ရပ်ဆိုးတွေကြားမှာ စိတ်နှလုံးကောင်းသူတစ်ဦးပေါ်ပေါက်လာခဲ့ပါတယ်။ အော်စကာရှင်းဒလာ (Oskar Schindler) ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီတွေရဲ့သားကောင်ဖြစ်နေတဲ့ ဂျူးတွေကို ကယ်တင်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်တစ်ယောက်ဖြစ်ပါတယ်။ သူကိုယ်တိုင်ဟာ နာဇီပါတီဝင်တစ်ဦးဖြစ်ပေမယ့် ပရိယာယ်သုံးပြီး ဂျူးတွေကို ဟစ်တလာလက်ထဲက ကယ်တင်ခဲ့ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တဲ့ အော်စကာဟာ သူပိုင်တဲ့ငွေကြေးများစွာသုံးစွဲပြီး သူကယ်တင်နိုင်သလောက် ဂျူးတွေကို စာရင်းလုပ်ပြီး အသတ်ခံရမယ့်ဘေးက ကယ်တင်ခဲ့ပါတယ်။ သူကယ်တင်ခဲ့တဲ့ဂျူးတွေရဲ့ သားမြေးအဆက်ဆက်ဟာ အခုထိရှင်သန်နေထိုင်နေကြဆဲဖြစ်ပါတယ်။ ဒါဟာ တကယ့်အဖြစ်အပျက်ပါ။

ဒီကားလေးဟာ သောမတ်စ်ကင်နင်လီ (Thomas Keneally) ရေးသားတဲ့ Schindler ဆိုတဲ့စာအုပ်ကို အခြေခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရာစုနှစ်ရဲ့အကောင်းဆုံးကားတွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပါတယ်။ ဇာတ်ကားထဲကနေရာတွေဟာ ဒီအဖြစ်အပျက်တွေ အမှန်တစ်ကယ်ဖြစ်ပွားခဲ့တဲ့နေရာတွေမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေနဲ့နာမည်ကြီးလာတဲ့ စတီဗင်စပီးဘာ့ခ် (Steven Spielberg) ဟာ ဒီကားစတင်ရိုက်ကူးတဲ့အခါမှာ ဝေဖန်မှုပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။

၂။ The Vow

ဒါကတော့ ဒရမ်မာကားလေးဖြစ်ပါတယ်။ ဒီကားလေးဟာလည်း တကယ့်ဖြစ်ရပ်လေးအပေါ်မှာ အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတဲ့အရာတစ်ခုဟာ ဘယ်လောက်အထိ သက်ရောက်မှုရှိပါသလဲ။ လမ်းပျောက်နေတဲ့သူတစ်ယောက်ကို ပြန်လှည့်လာနိုင်ဖို့အထိ တတ်နိုင်ပါရဲ့လား။ စိတ်ဆန္ဒတွေကကော ဘယ်လောက်အထိ ဆက်သွယ်နိုင်မှာတဲ့လဲ။ မှောင်မိုက်တဲ့ညတစ်ခုမှာ စမ်းတဝါးဝါးဖမ်းဆုပ်မိဖို့ ကြိုးစားနေတာ ဘယ်လောက်အထိ ခက်ခဲပါသတဲ့လဲ။ မှတ်ဥာဏ်တွေကကော သူ့ရဲ့ပိုင်ရှင်ဆီ တန်းတန်းမတ်မတ်ပြန်လာနိုင်ပါ့မလား။ ကြေကွဲနေတဲ့နှလုံးသားတစ်ခုဆီမှာ ကိုယ်ပိုင်ပုံပြင်လေးတွေ ရှိတတ်ကြပါတယ်။

သိပ်ကိုချစ်မြတ်နိုးကြတဲ့ လီယို (Leo) နဲ့ ပိခ်ျ (Paige) ဟာ အခုဆို အသစ်စက်စက်လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံနှစ်ဦးပေါ့။ သိပ်ချစ်ကြတဲ့ဒီနှစ်ယောက်ဟာ မမျှော်လင့်တဲ့အချိုးအကွေ့တစ်ခုကြောင့် သူစိမ်းပြင်ပြင်ပြန်ဖြစ်သွားကြမယ်လို့ ဘယ်သူကတွေးမိမှာလဲ။ သိပ်ကိုလှပတဲ့ ညနေခင်းလေးတစ်ခုမှာပေါ့။ ဆောင်းတွင်းဖြစ်တဲ့အပြင် နှင်းတွေကလည်း အရမ်းထူထူထပ်ထပ်ကျနေခဲ့တဲ့ လှပတဲ့ညနေခင်းလေးပေါ့။ အချိန်ကာလတွေက သိပ်ကိုချိုမြိန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကားကို နောက်ထပ်ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ မဝင်တိုက်ခဲ့မိစဉ်မှာပေါ့။ ကားအပြင်ဘက်အထိ လွင့်ထွက်သွားတဲ့ ပိခ်ျဟာ ဦးခေါင်းကိုအပြင်းအထန်ထိခိုက်မိပြီး အတိတ်မေ့သွားပါတယ်။ လီယိုဆိုတာဘယ်သူဆိုတာအပါအဝင် အရာအတော်များများရဲ့ မှတ်ဥာဏ်တွေဟာ ပိခ်ျဆီမှာ ရှိမနေတော့ပါဘူး။ ကွဲကြေနေရတဲ့နှလုံးသားတစ်ခုနဲ့ လီယိုဟာ ပိခ်ျအတွက် ဘယ်လိုကြိုးစားမှာလဲ။ ပိခ်ျကို သူ့ဆီပြန်ရောက်လာဖို့ လီယိုလုပ်နိုင်မှာလား လက်လွှတ်လိုက်ရတော့မှာလားဆိုတာ ပရိသတ်တို့ကိုယ်တိုင် ခံစားကြည့်ရှုလိုက်ပါ။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top