အဝေးကွင်း ၁၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းနဲ့ အဆင့် ၁ နေရာကို ပြန်တက်လှမ်းခဲ့တဲ့ မန်ယူ

21-1-2021-yyl-36.jpg

ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အဖြစ် မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းက ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲကစားချိန် ၅ မိနစ်မှာတင် ဖူလ်ဟမ်အသင်းရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမယ့် နောက်ကလိုက်ကစားကာ ခြေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းခဲ့တာပါ။ မန်ယူအသင်းအတွက် ဂိုးတွေကို ကာဗာနီ နဲ့ ပေါ့ဘာ တို့က ပွဲကစားချိန် ၂၁ မိနစ် နဲ့ ၆၅ မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ အမှတ်ပေးဇယား အဆင့် ၁ နေရာ ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ အနိုင်ရလဒ်နဲ့ ပက်သက်ပြီး နည်းပြ ဆိုးလ်ရှား က “ ဒီလို ခက်ခဲတဲ့ပွဲတွေမှာ သရေတစ်မှတ်အစား အနိုင်သုံးမှတ်ရလိုက်တာက တစ်ကယ်ကို အရေးပါပါတယ် ၊ ကျွန်တော်တို့ မန်စီးတီး နဲ့ တစ်ခြားအသင်းတွေရဲ့ ရလဒ်တွေကို လိုက်ကြည့်မနေပါဘူး ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အသင်းရလဒ်ကောင်းဖို့ကိုသာ ခေါင်းထဲထည့်ထားပါတယ် ၊ ရာသီကုန်ရင် ဘယ်အဆင့်မှာ ရပ်တည်နိုင်မလဲဆိုတာကြည့်ကြတာပေါ့ ၊ အခုချိန် ဇယားထိပ်ဆုံးရောက်နေတာကို ကျွန်တော် စိတ်ထဲသိပ်မထည့်ထားဘူး ၊ ဒီနေ့လုပ်ရမယ့် အလုပ် ပြီးမြောက်ခဲ့တယ် ၊ နောက်ပွဲအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်သွားမယ် “ လို့ ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းက အသင်းပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာ ကတော့ ပြောင်းလဲလာတဲ့ သူ့ရဲ့ခြေစွမ်းနဲ့ပက်သက်ပြီး အခုလို ပြောခဲ့ပါတယ်။
“ ကျွန်တော်က အနိုင်ရတာကိုဘဲ ကြိုက်နှစ်သက်တဲ့သူပါ ၊ အဓိက က အနိုင်ရဖို့ဘဲ ၊ နိုင်ရင် ကျွန်တော်ပျော်တယ် ၊ ရှုံးရင်တော့ ကျွန်တော် ဒေါသထွက်တယ် ၊ သွင်းခဲ့တဲ့ ဂိုးက ဘယ်ခြေနဲ့ကန်ခဲ့တာဆိုတော့ သေချာပေါက် ဂိုးမယ်လို့တော့ မထင်ခဲ့ဘူး ၊ ဒါပေမယ့် ဂိုး မဂိုး ကတော့ မကန်ကြည့်ဘဲ မသိနိုင်ဘူးလေ ၊ လှပတဲ့ ဂိုးတစ်ဂိုးဖြစ်ပြီး နိုင်ပွဲကလည်း ချိုမြိန်ခဲ့တယ် “ လို့ ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေမှာ ရှုံးပွဲမရှိတာ ၁၇ ပွဲအထိရှိလာခဲ့ပါပြီ။ ဒါဟာ နည်းပြကြီး ဖာဂူဆန် လက်ထက်က မန်ယူအသင်းရဲ့ ၁၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ပြန်လည် လိုက်မီခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top