ယူကရိန်းကို ကျူးကျော်ရင် ပူတင်ကို ပုဂ္ဂိုလ်ရေးအရ အရေးယူပိတ်ဆို့မယ်လို့ ဂျိုးဘိုင်ဒင် ပြော

26-2-2022-yyl8.jpg

ရုရှားက ယူကရိန်းကို ကျူးကျော်ရင် ရုရှားသမ္မတပူတင်ကို ပုဂ္ဂိုလ်ရေးအရ အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ယူကရိန်းကို ကျူးကျော်ရင် ရုရှားအနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ အနောက်အုပ်စုခေါင်းဆောင်တွေက ထပ်ဖန်တလဲလဲ သတိပေးနေချိန်မှာ ဂျိုးဘိုင်ဒင်က အခုလို ပြောခဲ့တာပါ။

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အနောက်အုပ်စုခေါင်းဆောင်တွေက တင်းမာမှု မြင့်တက်အောင် လုပ်နေတာလို့ ရုရှားက စွပ်စွဲခဲ့ပြီး ယူကရိန်းကို ကျူးကျော်ဝင်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ရုရှားအနေနဲ့ သူတို့ရဲ့ အနောက်တောင်ပိုင်းနယ်စပ်မှာရှိတဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်ရင် ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က ဆိုခဲ့ပြီး ဥရောပအရှေ့ပိုင်းမှာ နေတိုးအဖွဲ့ရဲ့ အင်အားကို တိုးမြှင့်ရမယ်လို့ ဆိုခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်ကို ရုရှားနိုင်ငံက ဒေါသတကြီး တုံ့ပြန်သွားခဲ့ပြီး အမေရိကန်နဲ့ နေတိုးအဖွဲ့က ယူကရိန်းကို လက်နက်ကိရိယာတွေနဲ့ အကြံပေးသူတွေ အလျှံအပယ် ပို့ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ” ရုရှားကမ်းရိုးတန်းနားမှာ ရပ်ထားတဲ့ အမေရိကန်ရေယာဉ်စုက ဘာလုပ်ဖို့လဲဆိုတာ ရှင်းလင်းဖော်ပြမှု မရှိသေးပါဘူး ” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံရဲ့ အမြဲသံတမန်က ထုတ်ပြန်ခဲ့ပါတယ်။

တကယ်လို့ ရုရှားက ရေနံနဲ့ဓာတ်ငွေ့ ပေးပို့မှု ဖြတ်တောက်တာမျိုး လုပ်လာရင် ခုသာခံသာရှိအောင် ဥရောပတိုက်ကို ရေနံနဲ့ဓာတ်ငွေ့ တိုးမြှင့်တင်ပို့ပေးဖို့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ဂျိုးဘိုင်ဒင်အစိုးရက ပြောပါတယ်။ ဥရောပသမဂ္ဂက မှာယူတင်သွင်းနေတဲ့ ရေနံစိမ်းနဲ့ ဓာတ်ငွေ့ ၃ ပုံ၊ ၁ ပုံကို ရုရှားနိုင်ငံက တင်ပို့ပေးနေတာဖြစ်ပါတယ်။

Ref: BBC “Ukraine: US could sanction Putin if Russia invades, Biden says”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top