အူအတွင်းမှာ ပလတ်စတစ်အိတ်ရှိနေတဲ့ ပင်လယ်လိပ်ကြီးကို ဒေသခံတွေကယ်တင်ခဲ့ရ

18-5-2020-yyl-009.jpg

လမ်းလျှောက်ရတဲ့ အခက်ခဲဖြစ်နေတဲ့ လိပ်ကြီးတစ်ကောင်ရဲ့ အူအတွင်းထဲမှာ (၃၀) စင်တီမီတာအရှည်ရှိတဲ့ပလတ်စတစ်အိတ်တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီပင်လယ်လိပ်ကို ထိုင်းနိုင်ငံ၊ Rayong ကမ်းခြေမှာ မေလ ၁၀ ရက်နေ့က တွေ့မြင်ခဲ့ရတာဖြစ်ပြီး အခုတော့ ကုသမှုခံယူရင်းနဲ့ ပြန်လည်သက်သာနေပြီလို့ သိရပါတယ်။ ဒေသခံတွေက ကမ်းခြေမှာ ပင်လယ်လိပ်ကြီး လမ်းလျှောက်တာ ပုံမှန်မဟုတ်တာကို မြင်တွေ့ခဲ့ပြီးတဲ့နောက်မှာ Marine and Coastal Resources Rescue and Development Center နဲ့ ဆက်သွယ်ခဲ့ကြပါတယ်။

ပင်လယ်လိပ်ကြီးကို ဆေးကုသမှုခံယူဖို့အတွက် စင်တာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ကုသရေးစင်တာက လိပ်ကြီးရဲ့အူထဲကနေ ပါးလွှာတဲ့ပလတ်စတစ်အိတ်ကို ဆွဲထုတ်ယူခဲ့ရပါတယ်။ (၃၀) စင်တီမီတာရှည်တဲ့ ပလတ်စတစ်အိတ်က ပင်လယ်လိပ်ရဲ့အစာခြေစနစ်ကို ထိခိုက်စေပြီး ဝမ်းချုပ်ခြင်းကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒီပလတ်စတစ်ကို မဖယ်ရှားပစ်ခဲ့ရင် ပင်လယ်လိပ်ကြီး သေဆုံးသွားနိုင်တယ်လို့လည်း ပြောပါတယ်။

ကုသရေးစင်တာက ပလတ်စတစ်ညစ်ညမ်းမှုရဲ့အန္တရာယ်နဲ့ ပတ်သက်ပြီး လူတွေကို သတိပေးထားတာကတော့ “လူတွေ ပင်လယ်ထဲကို လွှတ်ပစ်တဲ့ ပလတ်စတစ်အမှိုက်တွေက တိရစ္ဆာန်တွေအတွက် အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားလာပါတယ်။ သူတို့တွေက အန္တရာယ်ဖြစ်စေနိုင်တာကို မသိဘဲ ပလတ်စတစ်တွေကို စားမိကြပြီး နောက်တော့ တဖြည်းဖြည်းချင်း သူတို့ကို သတ်နေတာပါ” တဲ့။ အခုတော့ ပင်လယ်လိပ်ကြီးက ပြန်လည်သက်သာနေပြီး သူ့ကို ပြန်မလွှတ်ခင်မှာ နာလန်ထူနိုင်အောင်ကုသပေးသွားမယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်က ပင်လယ်ထဲက ပလတ်စတစ်ညစ်ညမ်းမှုပြဿနာနဲ့ ပင်လယ်နေသတ္တဝါတွေရဲ့ဘဝကို ထိခိုက်နေတာကို မီးမှောင်ထိုးပြနေပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း သေဆုံးခဲ့တဲ့ ပင်လယ်လိပ်လေးတစ်ကောင်ရဲ့အူထဲမှာ ပလတ်စတစ်အပိုင်းအစ (၁၀၄) ခုတွေ့ရှိခဲ့ရပါတယ်။ အဲဒီလိပ်လေးရဲ့ပုံတွေကို တွစ်တာမှာ မျှဝေရင်းနဲ့ Gumbo Limbo Nature Center က “ပျော်ရွင်စရာကောင်းတဲ့ ပင်လယ်လိပ်နေ့မဟုတ်ပါဘူး။ ကမ်းခြေတစ်လျှောက်သွားနေတဲ့ လိပ်လေးတွေက ကျွန်တော်တို့ရဲ့ အကူအညီကို လိုအပ်နေပါတယ်။

ပင်လယ်နေသတ္တဝါတိုင်းဟာ အသက်ရှင်မရပ်တည်နိုင်ခဲ့ပါဘူး။ (၁၀၀) ရာခိုင်နှုန်းကို သူတို့ရဲ့အူထဲမှာ ပလတ်စတစ်တွေမရှိအောင် မလုပ်နိုင်ခဲ့ပါဘူး။ သင့်လက်ဖဝါးနဲ့တောင် အကိုက်ဖြစ်တဲ့ဒီလိပ်လေးက ပလတ်စတစ်အပိုင်းအစ (၁၀၄) ခုကို စားသုံးခဲ့ပါတယ်။ ဒါက ပင်လယ်၊သမုဒ္ဒရာတွေကို ပလတ်စတစ်အမှိုက်ကင်းစင်အောင် ထားဖို့ ကျွန်တော်တို့အားလုံး တစ်စိတ်တစ်ပိုင်းအနေနဲ့လုပ်ဖို့လိုအပ်ကြောင်း သတိပေးနေတာပါ” လို့ ရေးသားပြောဆိုခဲ့ပါတယ်။ ပင်လယ်နေသတ္တဝါတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ဒီပြဿနာက ပင်လယ်ထဲကို ပလတ်စတစ်အမှိုက်တွေကို စွန့်ပစ်နေသရွေ့၊ ပလတ်စတစ်သုံးစွဲမှုကို မလျော့ချနိုင်သရွေ့ရှိနေဦးမှာဖြစ်ပါတယ်။

Ref: Vet Pulls 30cm-Long Plastic Bag Out Of Sea Turtle

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top