ဘရာဇီးကို ဒိုင်မျက်နှာလိုက်ခဲ့တယ်လို့ မက်ဆီ စွပ်စွဲ

66200137_2461134263917479_6109910597141266432_n.jpg

ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒိုင်အဖွဲ့က အိမ်ရှင်ဘရာဇီးအသင်းကို မျက်နှာလိုက်ခဲ့တယ်လို့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက စွပ်စွဲခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဘရာဇီးက ဂါဘရီရယ်ဂျီးဆပ်၊ ဖာမီနိုတို့ရဲ့ဂိုးတွေနဲ့အတူ အာဂျင်တီးနားကို (၂) ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။

”ဘရာဇီးက ကျွန်တော်တို့ထက် မကောင်းပါဘူး။ သူတို့က စောစောစီးစီး ဂိုးရခဲ့တယ်။ အဂူရိုရဲ့ဖြစ်ရပ်ကို ပင်နယ်တီမပေးတဲ့ ဆုံးဖြတ်ချက်ကြောင့် ဘရာဇီးအသင်း ဒုတိယဂိုးရခဲ့တာပါ။ ဒိုင်တွေက သောက်တလွဲတွေ လုပ်ခဲ့တယ်။ VAR တောင် ပြန်မကြည့်ဘူး။ မယုံနိုင်စရာပါပဲ။ တစ်ပွဲလုံး အဲဒီအတိုင်းပါပဲ။ ပွဲစကတည်းက ဘရာဇီးအသင်းကို မျက်နှာသာပေးခဲ့တယ်။ အဲဒီသောက်တလွဲလုပ်ရပ်တွေက ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ပေးခဲ့တယ်။ ကျွန်တော်တို့ ဆင်ခြေပေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို ပြန်လေ့လာသင့်တယ်။ ခွဲခြမ်းစိတ်ဖြာသင့်တယ်။ ဒီကိစ္စအတွက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က တစ်ခုခုလုပ်ပေးဖို့မျှော်လင့်ပါတယ်”လို့ မက်ဆီက ပြောပါတယ်။ ဒီပွဲမှာ အဂွေရိုရဲ့ ခေါင်းတိုက်ချက် ဘားထိခဲ့သလို မက်ဆီရဲ့ ကန်ချက်လည်း တိုင်ထိခဲ့လို့ အာဂျင်တီးနားအသင်း ဂိုးရခွင့် ဆုံးရှုံးခဲ့တာပါ။

မက်ဆီကတော့ နိုင်ငံတကာပြိုင်ပွဲတွေမှာ အာဂျင်တီးနားနဲ့အတူ ဆုဖလားမရဖူးတဲ့ အိပ်မက်ဆိုးကနေ ရုန်းမထွက်နိုင်ခဲ့သေးပါဘူး။ မက်ဆီဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမဲ့ ဂျာမနီကို ရှုံးနိမ့်ခဲ့သလို ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲမှာလည်း ချီလီကို (၂) ကြိမ်ဆက်တိုက်ရှုံးလို့ ဖလားမရခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top