သံဇကာဝိုင်းထဲမှာ ရှူဆေးရှူခဲ့လို့ ဂရက်ဟာဒီရဲ့ နိုင်ပွဲကို ဖျက်သိမ်း

yyl-23-002.png

UFC ဟဲဗီးဝိတ်ပွဲစဉ်အဖြစ် ဘင်ဆိုဆိုလီကို အနိုင်ရခဲ့တဲ့ပွဲမှာ သံဇကာဝိုင်းအတွင်း ရှူဆေးရှူခဲ့တဲ့အတွက် သိုင်းပေါင်းစုံ ကစားသမား ဂရက်ဟာဒီရဲ့နိုင်ပွဲကို မက်ဆာချူးဆက်ပြည်နယ် အားကစားကော်မရှင်က ဖျက်သိမ်းခဲ့ပါတယ်။ အမေရိကန်ဘောလုံး(American Football)ကြယ်ပွင့်ဟောင်း ဂရက်ဟာဒီဟာ ဘင်ဆိုဆိုလီကို တတိယအချီမှာ အနိုင်ရခဲ့တာပါ။

ဂရက်ဟာဒီအနေနဲ့ တစ်ချီနဲ့ တစ်ချီကြားမှာ ရှူဆေးအသုံးပြုဖို့ ခွင့်ပြုချက်မရခဲ့ဘူးလို့ မက်ဆာချူးဆက်ပြည်နယ် အာကစားကော်မရှင်က ပြောပါတယ်။ ရှူဆေးဘူးထဲမှာ အယ်ဘူတာရို(albuterol)ဆေး ပါဝင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ UFC ရဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဆိုင်ရာ တွဲဖက်အဖွဲ့အစည်းဖြစ်တဲ့ USADA က အဲဒီဆေးဝါးကို သတ်မှတ်အတိုင်းအတာတစ်ခုအထိ သုံးစွဲခွင့်ပြုထားပါတယ်။ ဒါပေမဲ့ သိုင်းပေါင်းစုံ ကစားသမားတွေအနေနဲ့ ၂၄ နာရီကြာ အချိန်အပိုင်းအခြားအတွင်း albuterol ဆေးဝါး ၁၆၀၀ မိုက်ခရိုဂရမ်၊ ၁၂ နာရီကြာ အချိန်အပိုင်းအခြားအတွင်း ၈၀၀ မိုက်ခရိုဂရမ်ထက် ပိုသုံးစွဲခွင့် မပေးသလို ပြိုင်ပွဲထိုးသတ်နေချိန်အတွင်းမှာလည်း သုံးစွဲခွင့်မရှိပါဘူး။

၂၀၁၆ ခုနှစ်မှာ အမေရိကန်ဘောလုံး ကစားနည်းကနေ သိုင်းပေါင်းစုံကစားသမားအဖြစ် ပြောင်းလဲကစားခဲ့တဲ့ ဂရက်ဟာဒီကတော့ ဒီအားကစားနည်းမှာ သူ့က လူသစ်တစ်ယောက်ဖြစ်နေသေးတယ်၊ သူ့အနေနဲ့ ရှူဆေးရှူဖို့ ခွင့်ပြုချက်ရခဲ့တယ်လို့ ဆိုပါတယ်။ ဂရက်ဟာဒီက ပြိုင်ပွဲအတွင်း ရှူဆေးအသုံးပြုခဲ့တဲ့ဖြစ်ရပ်အတွက်
ပြောစရာစကားလုံး ရှာမရတဲ့အထိ ဖြစ်ခဲ့တယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top