ဘီယာထည့်ဖို့ အညိုရောင်ဖန်ပုလင်းတွေ သုံးရတဲ့အကြောင်းရင်း

7-4-2022-yyl01.jpg

အများအားဖြင့် ဘီယာပုလင်းတွေက အညိုရောင်ဖန်ပုလင်းတွေ ဖြစ်နေတာ တွေ့ရမှာပါ။ Tiger ၊ ABC ၊ Leo ၊ Singha အစရှိသဖြင့်ပေါ့။ ဘီယာကို အညိုရောင်ပုလင်းနဲ့ ထည့်ရတဲ့ အကြောင်းရင်းကတော့ ဘီယာရဲ့ အနံ့ကို ထိန်းသိမ်းနိုင်ဖို့ပါပဲ။လက်တွေ့စမ်းသပ်ကြည့်လို့ ရပါတယ်။ ဘီယာပုလင်းကို ဖွင့်၊ ဖန်ခွက်အကြည်ထဲ လောင်းထားပြီး နေရောင်ထဲမှာ ချထားလိုက်ပါ။ အချိန်နည်းနည်းကြာလို့ အဲဒီဘီယာကို သွားသောက်ကြည့်တဲ့အခါ အော်ဂလီဆန်စရာအနံ့ရပါလိမ့်မယ်။ နံစော်ဖျံရဲ့အနံ့မျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဓာတုဒြပ်ပေါင်းတစ်မျိုးကြောင့် အဲဒီအနံ့ထွက်လာတာပါ။ ဘီယာချက်သူတွေကတော့ အဲဒီဖြစ်စဉ်ကို နံစော်ခြင်းလို့ ခေါ်ကြပါတယ်။

အဲဒီလို ဘီယာနံစော်ရတဲ့ အကြောင်းရင်းကို ၁၉၆၀ ပြည့်နှစ်မတိုင်ခင်က သေသေချာချာ နားမလည်ခဲ့ကြဘူးလို့ ချက်စကိုင်းပက်က ပြောပါတယ်။ ချက်စကိုင်းပတ်ဟာ ဘီယာချက်သူများအဖွဲ့အစည်းရဲ့ ဘီယာချက်စီမံကိန်း နည်းစနစ်ဒါရိုက်တာဖြစ်ပြီး ၂၁ နှစ်ကြာ ဘီယာချက်ခဲ့သူပါ။

ဘီယာချက်တဲ့အခါ အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဗျစ်ပွင့်(hop)ဟာ နေရောင်နဲ့ ထိတွေ့တဲ့အခါ အလင်းမီဓာတ်တိုးခြင်း (photooxidation) ဖြစ်ပွားပြီး 3-methyl-2-butene-1-thiol ဒြပ်ပေါင်းကို ဖြစ်ပေါ်လာစေပါတယ်။ အဲဒီဒြပ်ပေါင်းကြောင့် ဘီယာအနံ့နံတာပါ။ အဲဒီလို မဖြစ်အောင် ဘီယာထုတ်လုပ်သူတွေက (ဘီယာကို နေရောင်မထိအောင်) အညိုရောင်ဖန်ပုလင်းတွေထဲ ထည့်ကြတာ ဖြစ်ပါတယ်။

ဘီယာကို အညိုရောင်ဖန်ပုလင်းထဲ ထည့်ကြသလို တချို့တွေကလည်း အစိမ်းရောင်ဖန်ပုလင်းနဲ့ ထည့်ကြလေ့ရှိပါတယ်။ အစိမ်းရောင်က အလင်းရောင်ကို မကာကွယ်နိုင်ပေမဲ့ အစိမ်းရောင်ပုလင်း အသုံးပြုရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဈေးကွက်ထိုးဖောက်ဖို့ပါပဲ။ ” အစိမ်းရောင်ဖန်ပုလင်း အသုံးပြုတဲ့ အမှတ်တံဆိပ်တွေကို ကြည့်လိုက်ရင် နာမည်ရပြီးသား အမှတ်တံဆိပ်တွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဥရောပ ဘီယာထုတ်လုပ်သူ တော်တော်များများက အစိမ်းရောင်ဖန်ပုလင်းကို သုံးကြတယ်။
ဒါက သူတို့ရဲ့ပုံရိပ်ပါပဲ။ အစိမ်းရောင်ဖန်ပုလင်းနဲ့ထည့်တဲ့ ဘီယာတွေရဲ့ အရည်အသွေးနဲ့ ထူးခြားမှုအကြောင်း ပြောလာတာ ဆယ်စုနှစ်ချီနေပါပြီ။ အရသာကလည်း ထူးခြားတယ်၊ ဥရောပကလည်း လာတယ်ဆိုတော့ စားသုံးသူတွေက ဒီဘီယာကောင်းမှာပဲလို့ ပြောကြတာမျိုးပေါ့” လို့ ချက်စကိုင်းပတ်က ပြောပါတယ်။

ပလတ်စတစ်ဘူးတွေ မသုံးဘဲ ဖန်ပုလင်းတွေ အသုံးပြုရတာကတော့ ဖန်ပုလင်းတွေက သဘာဝပတ်ဝန်းကျင်နဲ့ ပိုကိုက်ညီပြီး အရည်အသွေး ပိုကောင်းတယ်လို့လည်း ထင်စေပါတယ်။ ပလတ်စတစ်ဘူးနဲ့ ထည့်မယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် ထွက်စေပြီး အချိန်ကြာလာတာနဲ့အမျှ အောက်ဆီဂျင်တွေ ထွက်လာစေဖို့ ဘီယာရဲ့ လတ်ဆတ်မှုကို ထိခိုက်စေပါတယ်။

သံဘူးတွေနဲ့ ဘီယာထည့်ရင် အလင်းရောင်မဝင်ပေမဲ့ thermal aging ( အပူချိန်ကြောင့် ပြောင်းလဲမှု) ဖြစ်စဉ်ကြောင့် ဘီယာအနံ့နံစေနိုင်ပါတယ်။ ဘီယာရဲ့ အနံ့၊ အရသာကို အကောင်းဆုံးထိန်းသိမ်းနိုင်ဖို့အတွက်ကတော့ အလင်းရောင်မရှိဘဲ အေးမြတဲ့နေရာမှာ ထားဖို့ပါပဲ။

Ref: CNN “Why beer bottles are usually brown glass”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top