တရုတ်သမ္မတ တည်းခိုခဲ့တဲ့ ပဲရစ်မြို့မှ ဟိုတယ်မှ ဓားပြတိုက်မှုဖြစ်ပွား

in2.jpg

ပဲရစ်မြို့က နာမည်အကျော်ကြားဆုံး ဟိုတယ်တစ်လုံးကို လက်နက်ကိုင် ဂိုဏ်းတစ်ခုက စီးနင်းဝင်ရောက်ပြီး အနည်းဆုံး ယူရို (၃၅၀၀၀၀) တန်ကြေးရှိတဲ့ လက်ဝတ်ရတနာနဲ့ အဝတ်အထည်တွေ လုယူသွားခဲ့ပါတယ်။

Arc de Triomphe မုခ်ဦးကနေ ကျောက်ခဲတစ်ပစ်စာ အကွာအဝေးမှာ တည်ရှိတဲ့ သမိုင်းဝင် ပင်နီဆူလာဟိုတယ်ကို မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြ (၂) ယောက်က စီးနင်းခဲ့တာပါ။ ဓားပြတစ်ယောက်က ဟိုတယ်ဝန်ထမ်းတွေကို ထိန်းချုပ်ထားတုန်း နောက်တစ်ယောက်က လက်ဝတ်ရတနာနဲ့ အဝတ်အထည်တွေ ခင်းကျင်းပြသထားတဲ့ မှန်ဘီဒိုသုံးလုံးကို ပုဆိန်နဲ့ထုခွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူမရှိခဲ့ဘဲ ဓားပြတွေ ထွက်ပြေးသွားခဲ့ပါတယ်။

လက်နက်ကိုင်ဂိုဏ်းရဲ့ တတိယမြောက် ဂိုဏ်းဝင်ကတော့ ထွက်ပြေးဖို့အတွက် ကားနဲ့အသင့်စောင့်ဆိုင်းနေခဲ့တာပါ။ ဖောက်ထွင်းမှုအပြီး နာရီဝက်အကြာမှာ မီးရှို့ခံရလို့ လုံးဝပျက်စီးနေတဲ့ အဲဒီကားကို လမ်းပေါ်မှာ တွေ့ခဲ့ပါတယ်။ အရင်တုန်းကလည်း ပါရီမြို့နဲ့ တခြားမြို့က ဟိုတယ်တွေမှာ လုယက်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ရစ်ဇ်ဟိုတယ်ရဲ့ ရတနာဆိုင်ကနေ ယူရို (၄.၅) သန်းတန်တဲ့ ကျောက်မျက်ရတနာတွေ ခိုးယူခံခဲ့ရပေမဲ့ နောက်ပိုင်း ပြန်တွေ့ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကလည်း ကိန်းမြို့က ဟိုတယ်မှာ ပြပွဲလုပ်နေတုန်း လက်နက်ကိုင်အမျိုးသားတစ်ယောက်က ယူရိုသန်း (၄၀) တန်တဲ့ ကျောက်မျက်ရတနာတွေ လုယက်ခဲ့ဖူးပါတယ်။ ပင်နီဆူလာဟိုတယ်မှာ နှစ် (၁၀၀) သက်တမ်းရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြင်သစ်နိုင်ငံကို လာလည်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သူ့ရဲ့ သက်တော်စောင့်တွေ တည်းခိုခဲ့တဲ့ ဟိုတယ်ပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top