ပြန်ပေးဆွဲခံရဟန် ဆောင်ပြီး သားအမိချင်း ငွေညှစ်ခဲ့သူ

9-11-2022-yyl-40.jpg

စပိန်နိုင်ငံသူ အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ မိသားစုနဲ့ပေါင်းကြံပြီး သူ့ကိုယ်သူ ပြန်ပေးဆွဲခံရဟန်ဆောင်ကာ မိခင်ဖြစ်သူထံက ငွေညှစ်ဖို့ ကြိုးစားခဲ့ပါတယ်။ စပိန်တရားဥပဒေစိုးမိုးရေးအေဂျင်စီ (Guardia Civil)က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းအရ ပါးစပ်မှာ သွေးစပေကျံနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ မျက်လုံးစည်းခံထားရပြီး ထိုင်ခုံမှာ ကြိုးတုပ်ခံထားရကာ သူ့လည်ပင်းမှာ ဓားထောက်ခံထားရတာ တွေ့ရပါတယ်။

သူ့ကို ဘယ်သူတွေ ပြန်ပေးဆွဲထားတာလဲဆိုတာ သူ မသိဘူး၊ ဒါပေမဲ့ ပြန်ပေးသမားတွေက အမေ့အိမ်ကို သိတယ်။ သူတို့တောင်းတဲ့ ယူရို ၅၀၀၀၀ ပေးလိုက်ပါ။ ရဲတိုင်ရင် အမေ့ကိုပါ သူတို့ သတ်လိမ့်မယ်လို့ ရုပ်သံမှတ်တမ်းမှာ ပြန်ပေးဆွဲခံရသူ အမျိုးသမီးက ပြောခဲ့ပါတယ်။


မိခင်ဖြစ်သူဟာ ဘဏ်ထဲကနေ ယူရို ၅၀၀၀၀ ထုတ်ပြီး သူ့သမီးပြောတဲ့အတိုင်း ငွေပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သူက ရဲကိုလည်း လျှို့ဝှက်ဆက်သွယ်ခဲ့တာပါ။ သူ့ဘဝတစ်လျှောက်မှာ အရင်ကလည်း သမီးဖြစ်သူရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ကြုံရလို့ ခြိမ်းခြောက်သူတွေ တောင်းဆိုတဲ့အတိုင်း ငွေပေးခဲ့ရတာ ယူရို ၄၅၀၀၀ လောက် ရှိခဲ့ဖူးပါတယ်။


ဒီဖြစ်ရပ်ကို သိသွားတဲ့ စပိန်ရဲတပ်ဖွဲ့က ဒီပြန်ပေးဆွဲမှုဟာ အစစ်အမှန် မဖြစ်နိုင်ဘဲ လိမ်ညာထားတာ ဖြစ်ရမယ်လို့ တွက်ဆခဲ့ပါတယ်။ အဲဒီနောက်မှာ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ အမျိုးသမီးရဲ့ ချစ်သူ မိသားစု နေထိုင်ရာ နေရာကို ဝင်ရောက်ရှာဖွေခဲ့ကြတာပါ။


ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ အမျိုးသမီးက နေအိမ်အခန်းတစ်ခုထဲမှာ အွန်လိုင်းလောင်းကစားဂိမ်း ဆော့နေတာ တွေ့ခဲ့ရပါတယ်။ သူတို့အားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်မှာတော့ ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ခဲ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ကြပါတယ်။ စပိန်နိုင်ငံ တန်နီရစ်ဖ်ကျွန်းမှာ အခုလိုမျိုး ဖြစ်ပွားခဲ့တာပါ။


Ref: Woman Fakes Her Kidnapping to Obtain $50,000 Ransom from Own Mother


NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top