အဲလစ်ဇဘတ်ဘုရင်မကြီး မသေဆုံးခင် ပေးပို့ခဲ့တဲ့ နောက်ဆုံးစာတွေထဲကတစ်စောင်ကို လက်ခံရရှိခဲ့တဲ့ ကလေးမလေး

12.9-2022-yyl-03.jpg

ဩစတြေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်က (၈) နှစ်သမီးလေးဟာ အဲလစ်ဇဘတ်ဘုရင်မကြီး မကွယ်လွန်မီ သူ့ဆီ စာတစ်စောင်ရေးခဲ့ဖူးပါတယ်။ အဲဒီစာနဲ့အတူ အွန်လိုင်းဖန်စီဝတ်စုံ ပြိုင်ပွဲတစ်ခုအတွက် တော်ဝင်ဝတ်စုံစတိုင် ဝတ်ဆင်ပြီး မြင်းပုလေးပေါ် တက်စီးထားတဲ့ သူ့ရဲ့ပုံတွေကို ပေးပို့ခဲ့တာပါ။ အဲဒီကလေးမလေးက အိုလီဗီယာ အဲကာဆိုသူဖြစ်ပြီး ဇွန်လက အဲဒီစာကို ပေးပို့ခဲ့တာပါ။

အိုလီဗီယာက Paddington Bear ဇာတ်ကောင်နဲ့အတူ တွေ့ရတဲ့ ဘုရင်မကြီးရဲ့ဗီဒီယို (ပလက်တီနမ်ရတုအတွက် အထူးသီးသန့်ဗီဒီယို) ကို ကြိုက်တယ်။ ဘုရင်မကြီးက လိမ္မော်ယိုဆန်းဝှစ်ကို တကယ်စားတာလားလို့ စာထဲမှာ ရေးထားပါတယ်။ စာပေးပို့ပြီးသွားတော့ ဘုရင်မကြီးဆီက ပြန်စာရမှာလားလို့ပဲ သူ့အမေကို မေးနေခဲ့တာပါ။

အိုလီဗီယာ အဲကာ

စက်တင်ဘာ ၉ ရက်နေ့မှာ အိုလီဗီယာရဲ့မိသားစုက အိပ်ရာနိုးလာတော့ ဘုရင်မကြီး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ ဘုရင်မကြီးဆီက ပြန်စာကို ဘယ်တော့မှ မရနိုင်တော့ဘူးလို့ သူတို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ အိုလီဗီယာလေးက ဘုရင်မကြီးရဲ့ပြန်စာကို အဲဒီနေ့မှာပဲ လက်ခံရရှိခဲ့ပါတယ်။

Tallygaroopna စာတိုက်က အမျိုးသမီးတစ်ဦးက “မင်းတို့ ဒီနေ့ အရမ်းထူးခြားတဲ့စာတစ်စောင်ရရှိထားတယ်”လို့ အိုလီဗီယာတို့မိသားစုကို ပြောလာခဲ့ပါတယ်။ ဒီစာကို ဘုရင်မကြီးရဲ့ကိုယ်စား ရံရွေတော် အန်နာဘယ် ဝိုက်ဟတ်က လက်မှတ်ရေးထိုးပေးပို့ပေးခဲ့တာပါ။ ဘုရင်မကြီးက စာပေးပို့ခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့တဲ့ ဝတ်စုံနဲ့ မြင်းပုလေး စီးထားတဲ့ပုံတွေကို စိတ်ဝင်စားကြောင်း၊ မြင်းစီးရတာကို အရမ်းပျော်နေတာမြင်ရတဲ့အတွက် ဘုရင်မကြီး ဝမ်းသာပီတီဖြစ်ရကြောင်း၊ ဘုရင်မကြီးဆီ စာရေးပေးခဲ့တဲ့အတွက် ထပ်ပြီးကျေးဇူးတင်ကြောင်း စာထဲမှာ ရေးသားထားပါတယ်။

အဲလစ်ဇဘတ်ဘုရင်မကြီးရဲ့ပြန်စာ

ဒီစာကို ဩဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ခဲ့တာပါ။ အိုလီဗီယာတို့မိသားစုလည်း ဒီစာကို အခုလိုအချိန်မှာ ရောက်ရှိလာခဲ့တဲ့အတွက် မျက်ရည်ကျခဲ့ရပါတယ်။ ဒါက ဘုရင်မကြီး ရေးခဲ့တဲ့ နောက်ဆုံးစာတွေထဲက တစ်စောင်ဖြစ်ရမယ်လို့ သူတို့မှတ်ယူခဲ့ပါတယ်။ စာရောက်လာတဲ့အချိန်မှာ အိုလီဗီယာလေးက ကျောင်းမှာ ရှိနေခဲ့တာကြောင့် အမြန်သွားပေးခဲ့ပါတယ်။ သူ့ရဲ့အတန်းဖော်တွေအားလုံးကလည်း ဘုရင်မကြီးရဲ့စာကို ကြည့်ခွင့်ရခဲ့ပါတယ်။ အိုလီဗီယာက ဒီစာကို သူ့ရဲ့ဘဝတစ်လျှောက်လုံး တန်ဖိုးထားသွားမှာ သေချာပါတယ်လို့ သူ့ရဲ့အမေ နာတာလီ အဲကာက ဆိုပါတယ်။

Ref: ABCNet & Ladbible “Little girl receives one of the Queen’s final letters before her death”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top