အခြေခံဥပဒေဆိုတာ အာဏာရှင်လက်ကိုင်တုတ် ဖြစ်လာတာလား

20.1.2020.jpg

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ရုရှားသမ္မတပူတင်က အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမယ့် အစီအစဉ်တွေကို လွှတ်တော်ထဲ ဖတ်ကြားခဲ့ပြီးနောက် ရုရှားဝန်ကြီးချုပ်(ဟောင်း)မက်ဗီဒက် ဦးဆောင်တဲ့ အစိုးရအဖွဲ့တစ်ဖွဲ့လုံး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ရုရှားနိုင်ငံကို နှစ်(၂၀)အုပ်ချုပ်ခဲ့တဲ့ ပူတင်ဟာ စတုတ္ထမြောက် သမ္မတသက်တမ်းကို တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး (၂၀၂၄)ခုနှစ်ကျရင် သမ္မတသက်တမ်းကုန်ဆုံးမှာပါ။ ရုရှားနိုင်ငံရဲ့ အခြေခံဥပဒေအရ အများဆုံး သမ္မတသက်တမ်း(၄)ကြိမ်ထိပဲ တာဝန်ထမ်းဆောင်ခွင့်ရှိလို့ (၂၀၂၄)ခုနှစ်မှာ သမ္မတရာထူးကနေ ပူတင် ဖယ်ရှားပေးရမှာဖြစ်ပါတယ်။

အဲဒီနောက်မှာ ပူတင်က သမ္မတရာထူးကို မောင်ပိုင်စီးဖို့ ကြံနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ အပေါ်ယံအမြင်ပါ။ နိုင်ငံရေးသုတေသီတွေရဲ့ အတွင်းကျကျ ရှုမြင်သုံးသပ်မှုအရဆိုရင် အခြေအနေက အဲဒီထက်ပိုပြီး ရှုပ်ထွေးပါတယ်။ “အာဏာဆုပ်ကိုင်ထားတဲ့ ခေါင်းဆောင်အများစုအတွက် ရာထူးကနေ နုတ်ထွက်ရတာ အန္တရာယ် ကြီးပါတယ်။ ကိုယ့်ရှူးကိုယ်ပတ်တဲ့ အခြေအနေ မကြုံဘဲ ရာထူးကနေ နုတ်ထွက်နိုင်ဖို့ဆိုရင် အကြောင်းကိစ္စတွေ အဆင်ပြေဖို့လိုတယ်။ စနစ်တည်ငြိမ်ဖို့ လိုတယ်’’လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဒန်နီယယ်ထရစ်စမန်းက သုံးသပ်ခဲ့ပါတယ်။

အများအားဖြင့်တော့ အာဏာရှင်တွေက အရှင်ထွက် ထွက်ခဲပါတယ်။ အရှင်ထွက်ထွက်ရင်တောင် ထောင်ဒဏ်ချမှတ်ခံရတာ၊ ပြည်ပကို ထွက်ပြေးရတာဆိုတဲ့ အခြေအနေမျိုး ကြုံရလေ့ရှိပါတယ်။ ပူတင်မတိုင်ခင် နှစ် ၁၀၀ အတွင်း ရုရှားနိုင်ငံမှာ ခေါင်းဆောင် ၉ ယောက်ရှိတဲ့အနက် ရာထူးကနေ အေးအေးချမ်းချမ်း အနားယူနိုင်သူ ၃ ယောက်ပဲရှိပါတယ်။ ကျန်တဲ့သူတွေကတော့ တာဝန်ထမ်းဆောင်နေတုန်း အဖမ်းခံရတာ ဒါမှမဟုတ် ကွပ်မျက်ခံရတာတွေ ကြုံခဲ့ရပါတယ်။ “ပူတင်က တခြားတစ်ယောက်ယောက်ကို သူ့နေရာလွှဲပေးပြီး အေးအေးလူလူ ရှောင်ထွက်သွားလို့ မရနိုင်ပါဘူး’’လို့ ရုရှားနိုင်ငံရေးကို အနီးကပ်စောင့်ကြည့်နေတဲ့ လူမှုရေးသိပ္ပံပညာရှင် ဘီလာနော့စကီးက ပြောပါတယ်။

အဲဒါကြောင့် ပူတင်က သမ္မတရာထူးရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို လွှတ်တော်နဲ့ နိုင်ငံတော်ကောင်စီတွေထံ ခွဲဝေပေးအပ်ဖို့ စီစဉ်နေတာပါ။ ၂၀၀၀ ပြည့်နှစ်မှာ သမ္မတကို အကြံပေးဖို့ တည်ထောင်ထားတဲ့ နိုင်ငံတော်ကောင်စီဟာ လက်ရှိအချိန်မတိုင်ခင်အထိ ရုရှားနိုင်ငံရေးမှာ လွှမ်းမိုးမှု သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပူတင်ရဲ့ အစီအစဉ်သစ်အရ လုပ်ပိုင်ခွင့်အာဏာ ပိုများလာပြီး ပူတင်ကလည်း နိုင်ငံတော်ကောင်စီ အကြီးအကဲအဖြစ် ရာသက်ပန် တာဝန်ထမ်းဆောင်တာမျိုး လုပ်နိုင်ပါတယ်။ ပူတင် လျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ ၂၀၁၈ ခုနှစ်က ကာဇက်စတန်နိုင်ငံရဲ့ အာဏာလွှဲပြောင်းမှုပုံစံနဲ့ ခပ်ဆင်ဆင်ပါ။ ကာဇက်စတန်နိုင်ငံကို နှစ် ၃၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတ နာဇာဘာယက်ဗ်က ရာထူးကနေ မနုတ်ထွက်ခင် နိုင်ငံတော်လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ခဲ့ပြီး ရာထူးက အနားယူချိန်မှာ နိုင်ငံတော်လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ရာသက်ပန် တာဝန်ထမ်းဆောင်နေပါတယ်။

၂၀၁၆ ခုနှစ်က မအောင်မြင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း တူရကီသမ္မတ အာဒိုဝမ်က အခြေခံဥပဒေအပြောင်းအလဲလုပ်ပြီး သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာ ပိုမိုကြီးထွားလာဖို့ ကြိုးစားခဲ့ပါတယ်။ အလွှာအသီးသီးမှာရှိတဲ့ နိုင်ငံရေး သဘောထားကွဲလွဲသူတွေကို ထောင်ဒဏ်ချမှတ်တာ၊ တာဝန်ကနေ ရပ်ဆိုင်းတာ၊ ပြည်နှင်ဒဏ်ပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်။ ပူတင်ရဲ့အခြေအနေကတော့ ရုရှားနိုင်ငံရေး တည်ငြိမ်ဖို့ရော၊ သူ့အနာဂတ်အတွက်ပါ စဉ်းစားနေရတဲ့ပုံစံပါ။ အဲဒီအခြေအနေကို ထင်ဟပ်ပြနေတဲ့ ရုရှားစကားပုံတစ်ခုရှိပါတယ်။ “ဝက်ဝံကို မသတ်ဘဲ ဝက်ဝံခိုအောင်းတဲ့တွင်းကို ရောင်းစားလို့ မရနိုင်ဘူး’’ဆိုတဲ့ စကားပုံပါ။

သမ္မတရာထူးရဲ့ လုပ်ပိုင်ခွင့်အာဏာကို မလျှော့ချဘူးဆိုရင် သူ့နေရာ အစားဝင်လာမယ့်သူက သူ့ကို ပြန်ပြီး ဒုက္ခပေးနိုင်တယ်ဆိုတာ ပူတင် စဉ်းစားပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း အခြေခံဥပဒေပြင်ဆင်မှုတွေလုပ်ပြီး ရုရှားနိုင်ငံရေးစနစ်မှာ အပြန်အလှန် ဟန်ချက်ထိန်းကျောင်းမှု ပုံဖော်ဖို့ စီစဉ်နေတာပါ။ အဲဒီအခြေအနေတွေကိုကြည့်ရင် အာဏာဆုပ်ကိုင်ထားသူတွေက နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်တဲ့အခါ(လုပ်ချင်တဲ့အခါ) အခြေခံဥပဒေကို လက်ကိုင်တုတ်လို အသုံးချနေတယ်လို့ပဲ ဆိုပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top