နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် MPT သုံးစွဲသူများ၏ SMS မှတစ်ဆင့် လှူဒါန်းသည့်ငွေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်း

2.jpg

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တည်ဆောက်ရေးလုပ်ငန်းတွင် သုံးစွဲသူမိဘပြည်သူများ ပါဝင်ကုသိုလ်ယူနိုင်ရန်အတွက် SMS ဖြင့် လှူဒါန်းနိုင်မည့်အစီအစဉ်ကိုပြုလုပ်ခဲ့ရာ ပါဝင်လှူဒါန်းသည့်အလှူရှင်များထံမှ စုစုပေါင်းအလှူငွေကျပ် (၅၄,၃၂၇,၅၀၀) တိတိလက်ခံရရှိခဲ့ကြောင်း ဝမ်းမြောက်စွာဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

SMS မှတစ်ဆင့် လှူဒါန်းမှုအစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်မှ စတင်ခဲ့ကာ MPT သုံးစွဲသူများမှ စုစုပေါင်း (၁၀၈,၆၅၅) ကြိမ် ပါဝင်လှူဒါန်းခဲ့ကြပါသည်။ MPT သုံးစွဲသူများ၏ သဒ္ဒါတရားထက်သန်စွာဖြင့် SMS မှတစ်ဆင့် ပါဝင်လှူဒါန်းခဲ့ကြသည့် လှူဒါန်းငွေများအား နေပြည်တော်ရှိ သာသာနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ်၊ မေလ (၂) နေ့ရက်တွင် MPT က လွှဲပြောင်းလှူဒါန်းခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး (MPT-KSGM Joint Operations ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်) ဖြစ်သူ ဦးခင်မောင်ထွန်းက “အခုလို MPT သုံးစွဲသူ မိဘပြည်သူများရဲ့ အများကောင်းမှုအဖြစ် ငြိမ်းချမ်းရေးသမိုင်းစဉ်မှာ တန်ဖိုးကြီးမားတဲ့ပြယုဂ်ဖြစ်စေမယ့် ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်နိုင်စေရေးအတွက် အလှူတော်ငွေတွေကို လက်ခံပေးနိုင်ဖို့ တစ်ဘက်တစ်လမ်းက ဆောင်ရွက်ပေးခွင့်ရတဲ့အပေါ် အထူးပဲဝမ်းသာမိသလို လှူဒါန်းခဲ့ကြသူ တစ်ဦးချင်းစီကို အထူးပဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ MPT သုံးစွဲသူတွေရဲ့ ထက်သန်တဲ့ စေတန သဒ္ဒါတရားတွေကိုလည်း အံ့သြဝမ်းမြောက်ခဲ့ရပါတယ်” ဟု ပြောကြားသည်။

MPT အနေဖြင့် သုံးစွဲသူပြည်သူများမှ SMS ဖြင့်လှူဒါန်းနိုင်မည့်အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ရာတွင် လွန်ခဲ့သော ၂၀၁၅ ခုနှစ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ပုဂံဒေသနှင့် ရခိုင်ဒေသမှ ရှေးဟောင်းစေတီပုထိုးများအတွက်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအတွက်လည်းကောင်း အများပြည်သူတို့က လှူဒါန်းမှုများပြုလုပ်နိုင်စေရန်အတွက် ဆောင်ရွက်ပေးခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top