ဝူဟန်သွားမယ့် သခင်ရဲ့ပတ်စပို့ကို ဖျက်စီးပစ်ခဲ့တဲ့ ခွေးလေး

yyl-025-12.jpg

တိရစ္ဆာန်လေးတွေက သူတို့သခင်အတွက် ဘာလုပ်ရင်မလုံခြုံဘူး၊ ဘယ်အရာက မလုံခြုံဘူးဆိုတာကို စိတ်ကအလိုလိုသိကြပါတယ်။ တစ်ခါတလေ သူတို့မှာ စက္ခုအာရုံရှိပြီး အနာဂတ်ကို ကြိုမြင်နိုင်တယ်လို့တောင် ခံစားလို့ရပါတယ်။ သူတို့တွေက သခင်တွေရဲ့ဘဝကို ကယ်တင်ပေးတဲ့ တိုက်ဆိုင်မှုတွေရှိပါတယ်။

အခုလည်း ထိုင်ဝမ်မှာ ကီမီ ဆိုတဲ့ ဂိုးလ်ဒင်း ရီထရီဗာခွေးအမျိုးအစားလေးဟာ သူ့သခင်ရဲ့အသက်ကို ကယ်တင်သလိုဖြစ်စေတဲ့ ဖြစ်ရပ်လေးရှိခဲ့ပါတယ်။ အဲဒီခွေးလေးဟာ သူ့သခင် ဝူဟန်ကို မသွားခင် ပတ်စပို့ကို ဖျက်စီးပစ်ခဲ့တာဖြစ်ပါတယ်။ အခုဆို ဝူဟန်ဆိုတဲ့နာမည်ဟာ ရင်းနှီးပြီးသားဖြစ်နေပါပြီ။ လက်ရှိ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်စတင်ရာမြို့ပဲဖြစ်ပါတယ်။

ဝူဟန်မှာ ဗိုင်းရပ်စ်မဖြစ်ပွားခင်က ကီမီရဲ့သခင်က ဝူဟန်ကို သွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကီမီက ပတ်ပို့စ်ကို ဖျက်စီးပစ်လိုက်တာကြောင့် မသွားဖြစ်ခဲ့ပါဘူး။ သူ့သခင်က ပျက်စီးကြေမွနေတဲ့ပတ်စပို့ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပြီးတဲ့နောက်မှာ ဒီဖြစ်ရပ်ကို လူမှုကွန်ယက်အသုံးပြုသူတွေ သိသွားခဲ့ရတာပါ။

ကီမီရဲ့သခင်က ပတ်စပို့ကို ကီမီဖျက်စီးပစ်တာကို စတွေ့တွေ့ချင်းမှာ ဒေါသထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဝူဟန်မှာ ရောဂါမပျံ့နှံ့ခင်ဖြစ်သွားခဲ့တာကြောင့် ကံကောင်းသွားခဲ့ပါတယ်။ “ဒီကလေးဟာ တကယ်ပဲ ကျွန်မကို ကယ်တင်ပေးခဲ့တာပါ။ ကျွန်မရဲ့ပတ်စပို့ပျက်စီးသွားပြီးတဲ့နောက်မှာ ကျွန်မ အစကသွားဖို့စီစဉ်ထားတဲ့နေရာက ဗိုင်းရပ်စ်တွေ ပျံ့နှံ့ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူက ကျွန်မရဲ့ခရီးစဉ်ကို ဟန့်တားနိုင်ခဲ့တယ်” လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

ကီမီရဲ့သခင်က သူ့ရဲ့ပတ်စပို့ပျက်စီးသွားတာကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက် တရုတ်နှစ်သစ်ကူးနေ့မှာ သူ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ခဲ့ပါတယ်။ “ကမ္ဘာတစ်ဝှမ်းကလူတွေ ဒီဗိုင်းရပ်စ်ကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခု ကျွန်မတို့ အပြင်သွားတဲ့အခါ Mask အုပ်ရမယ်။ ပိုပြီးလက်ဆေးရမယ်” လို့ သူက ပြောပါတယ်။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၀၀) ကျော်၊ ရောဂါဖြစ်ပွားနေသူ (၄၀၀၀) ကျော်ရှိနေပြီလို့ သိရပါတယ်။

Ref: Dog Stops Owner From Going To Wuhan By Destroying Her Passport, Potentially Saves Her

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top