မုန်းတီးရေးစကားများ မဖျက်ပေးတဲ့ ဆိုရှယ်မီဒီယာ ကုမ္ပဏီများကို ဒဏ်ရိုက်မည်ဟု ဆိုလိုက်တဲ့ ဂျာမနီနိုင်ငံ

AFP_HS2K2-1997.jpg

ဂျာမနီနိုင်ငံမှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်တစ်ခုအရ Facebook, Twitter and Google တို့ဟာ  ဂျာမနီနိုင်ငံရဲ့ ဥပဒေအရ တရားမဝင်တဲ့ နာဇီ သင်္ကေတများနဲ့ Holocaust denial (ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးများကို အစုလိုက် အပြုံလိုက်သတ်ခြင်း) စတဲ့ စာသား၊ ဓာတ်ပုံ၊ဗီဒီယို စတာတွေကို ၂၄ နာရီအတွင်း  ဖယ်ရှားခြင်း မပြုရင် ဒဏ်ငွေ ယူရို ၅၇ သန်းအထိ ချမှတ်ခြင်းခံရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေကြောင့် ဂျာမနီနိုင်ငံဟာ Facebook, Google and Twitter စတဲ့ ကုမ္ပဏီများကို အမုန်းစကားများ  ဖျက်ချပေးရန် ဖိအားအပေးဆုံး နိုင်ငံတစ်ခု ဖြစ်လာပါတယ်။ အခုလို ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်ဟာ  လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ထိခိုက်တဲ့အတွက် လူ့အခွင့်အရေး အဖွဲ့များနဲ့ နည်းပညာဆိုင်ရာ ကုမ္ပဏီများက ဥပဒေကို  ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လာကြပါတယ်။ ဒါ့အပြင် နည်းပညာကုမ္ပဏီများနဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ရေး တက်ကြွသူများက  ဥပဒေပြုသူများအနေနဲ့ အမုန်းစကားများကို ရှုမြင်ပုံက အရမ်းပြင်းထန်လွန်းနေကြောင်း ပြောဆိုခဲ့ပြီး ဆိုရှယ်မီဒီယာ ကုမ္ပဏီများကလည်း သူတို့ရဲ့ ဝန်ဆောင်မှု အသုံးပြုနေကြသူများကို စိစစ်ဖြတ်တောက်မှု မပြုလုပ်လိုဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံ ဥပဒေရေးဆွဲသူများကတော့ ဂျာမနီနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကတည်းက မူဆလင်နိုင်ငံများမှ နိုင်ငံရေး ခိုလှုံသူများကို ဝေဖန် တိုက်ခိုက်ထားတဲ့ မုန်းတီးရေးစကားများ များလာကြောင်းကို တွေ့ရှိခဲ့တယ် လို့ဆိုပါတယ်။ ဂျာမနီနိုင်ငံ တရားစီရင်ရေး ဝန်ကြီးဖြစ်သူ  ဟိုက်ကို မက်စ် (Heiko Maas) ကတော့ ဒီ ဥပဒေများဟာ ပုံနှိပ်သတင်းစာများမှာလည်း သက်ရောက်တဲ့အတွက် Digital Media များလည်း  ဒီဥပဒေကို လိုက်နာရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီ ဥပဒေဟာ ဂျာမနီနိုင်ငံမှာ အောက်တိုဘာလမှ စတင် သက်ရောက်မှာ ဖြစ်ပြီး အမုန်းစကားများနဲ့ တရားမဝင်တဲ့ စာသား၊ ဗီဒီယို၊ ဓာတ်ပုံတွေကို အချိန်မီအတွင်း မဖျက်နိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ ယူရို ၅ သန်းမှစလို့ ယူရို  ၅၇ သန်း အထိ ဒဏ်ရိုက်သွားမှာဖြစ်ပါတယ်။

Ref : The NewYork Times News : Delete Hate Speech or Pay Up, Germany Tells Social Media Companies

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top