ပျက်ကျခဲ့တဲ့ ယူကရိန်း လေယာဉ်ရဲ့ Black box တွေကို ဘိုးရင်းကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံထံ ပေးအပ်မှာမဟုတ်ဘူးလို့ အီရန်နိုင်ငံ ဆို

yyl-022-3.jpg

ပျက်ကျခဲ့တဲ့ ယူကရိန်းလေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်(black box)တွေကို ဘိုးရင်းလေယာဉ်ကုမ္ပဏီ ဒါမှမဟုတ် အမေရိကန်နိုင်ငံထံ ပြန်ပေးမှာမဟုတ်ဘူးလို့ အီရန်နိုင်ငံက ပြောပါတယ်။ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းရဲ့ ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တီဟီရန်လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်းအကြာမှာပဲ ပျက်ကျခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ လေယာဉ်ပေါ် လိုက်ပါလာသူ ၁၇၆ ဦးလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းပျံသန်းမှုစည်းမျဉ်းတွေအရ အီရန်နိုင်ငံက ဒီဖြစ်ရပ်ကို ဦးဆောင်စစ်ဆေးခွင့်ရှိနေပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာမှာ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ပါဝင်ရလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ Black Box တွေကို စိစစ်သုံးသပ်နိုင်တဲ့ နိုင်ငံအနည်းငယ်ပဲရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပြီး အီရန်နိုင်ငံက အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်တပ် အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ယူကရိန်းလေယာဉ် ပျက်ကျခဲ့တာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေတယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရပါဘူး။ ပုံမှန်အားဖြင့်တော့ ဘိုးရင်းလေယာဉ်တွေ ပျက်ကျရင် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ အမေရိကန်အမျိုးသားပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဘုတ်အဖွဲ့ ပါဝင်လှုပ်ရှားလေ့ရှိပါတယ်။ ဒါပေမဲ့ ဘုတ်အဖွဲ့ဟာ သက်ဆိုင်ရာပြည်ပနိုင်ငံရဲ့ခွင့်ပြုချက်၊ ဥပဒေအရ လုပ်ဆောင်ရပါတယ်။ ယူကရိန်းလေယာဉ်ရဲ့ Black Box တွေကို ဘယ်နိုင်ငံက စိစစ်သုံးသပ်မလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ယူကရိန်းလေယာဉ်ပျက်ကျမှုမှာ ကနေဒါနိုင်ငံသား ၆၃ ယောက် ပါဝင်နေလို့ စုံစမ်းစစ်ဆေးမှုလုပ်ရာမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top