ကမ္ဘာပေါ်မှာ ရှေးအကျဆုံး၊ အကြီးမားဆုံးနဲ့ အနက်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ ရေချိုကန်ကြီးကတော့ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသတောင်ပိုင်းမှာ တည်ရှိတဲ့ ဘိုင်ကယ်ရေကန်ကြီး(Lake Baikal) ပါပဲ။

နှစ်ပေါင်း ၂၅ သန်းမှ သန်း ၃၀ ဝန်းကျင် သက်တမ်းရှိပြီး အနက်ဆုံးနေရာက ၅,၃၈၇ ပေအထိ ရှိပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာရှိတဲ့ ရေချိုပမာဏရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒီရေကန်ကြီးမှာ ရှိပြီး ၁၂၂၄၈ စတုရန်းမိုင် ကျယ်ဝန်းတာကြောင့် ဘယ်လ်ဂျီယံနိုင်ငံထက်တောင် နည်းနည်းပိုကြီးပါတယ်။
ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်ဟာ ဆောင်းရာသီ ရေခဲနေချိန်မှာတောင် ရေလွှာအောက် မီတာ ၄၀ လောက်အထိ အောက်ခြေကို ထိုးဖောက်မြင်ရနိုင်လို့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဘိုင်ကယ်ရေကန်ထဲမှာ သက်ရှိမျိုးစိတ်ပေါင်း ၂,၅၀၀ ကျော်ရှိတဲ့အနက် ၈၀ ရာခိုင်နှုန်းကျော်ဟာ ကမ္ဘာ့ အခြား ဘယ်နေရာမှာမှ မရှိဘဲ ဘိုင်ကယ်ရေကန်မှာပဲ ရှင်သန်ပေါက်ဖွားတဲ့မျိုးစိတ်တွေ ဖြစ်ပါတယ်။

ကမ္ဘာ့အပေါ်ယံမြေလွှာ အက်ကွဲရွှေ့လျားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘိုင်ကယ်ရေကန်ကြီးဟာ ထူးခြားတဲ့ဝိသေသတွေ ပိုင်ဆိုင်ထားတာကြောင့် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာလည်း ပါဝင်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
Ref: Lake Baikal
NZ (ရိုးရာလေး)

