လူကုန်ကူးခံရသူမိန်းကလေးကို ကယ်တင်နိုင်ခဲ့တဲ့လေယာဉ်မယ်

hero.jpg

ရှယ်လီယာ ဖရက်ဒရစ် (Shelia Fedrick) ဆိုတဲ့ အမျိုးသမီးဟာ အလာစကာ (Alaska) လေကြောင်းလိုင်းမှာ အလုပ်လုပ်နေတဲ့လေယာဉ်မယ်တစ်ဦး ဖြစ်ပါတယ်။

တစ်နေ့၊ သူမတာဝန်ကျနေတဲ့ ( ဆီယက်တယ်လ်က ဆန်ဖရန်စစ္စကို အသွား ) လေကြောင်းခရီးစဉ်မှာ ပုံမှန်မဟုတ်တာတစ်ခုရှိနေတာ သတိထားမိလိုက်ပါတယ်။ ခရီးသည်တွေထဲက အသက် ၁၄ နှစ် ၊ ၁၅ နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့လူကြီးလူကောင်းပုံစံ သားသားနားနားဝတ်ဆင်ထားတဲ့ အသက်ကြီးကြီးအမျိုးသားတစ်ယောက်တို့ အတူထိုင်နေတာကို သူမ မြင်ခဲ့ရတယ်။ ထူးခြားတာက ကလေးမလေးကြည့်ရတာ ဆိုးဆိုးရွားရွား စိတ်ထိခိုက်ကြောက်ရွံ့နေတဲ့ပုံပေါက်နေတာပါပဲ။ အဲဒါနဲ့ ရှယ်လီယာလည်း သူတို့ဆီစကားသွားပြောရင်း အကဲခတ်ကြည့်တဲ့အခါမှာ အတူပါလာတဲ့လူကြီးက ကြိုက်နှစ်သက်တဲ့ပုံမပြခဲ့ပါဘူး။ အဲဒါနဲ့ ရှယ်လီယာရဲ့ သံသယလည်း ကြီးမားလာခဲ့ရပါတယ်။

လေယာဉ်မယ်ရှယ်လီယာဟာ မိန်းကလေးအိမ်သာဆီ ထလာတာမြင်တော့ အိမ်သာထဲကိုဦးအောင် သွားပြီး အဆင်မပြေရင်အကူညီတောင်းနိုင်တဲ့အကြောင်း စာရွက်တစ်ရွက်ပေါ်မှာရေးပြီး မြင်သာတဲ့ နေရာမှာထားခဲ့တယ်။ ကောင်မလေးကလည်း စာရွက်မှာသူမကို ကယ်ဆယ်ပေးဖို စာပြန်ရေးထားခဲ့ပါတယ်။ အဲဒါနဲ့ ရှယ်လီယာဟာလေယာဉ်မောင်း pilot ကို အကြောင်းကြားပြီး အဲဒီကမှတဆင့် ရဲတပ်ဖွဲ့ကို အသိပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆန်ဖရန်စစ္စကို လေဆိပ်ကိုဆိုက်ရောက်တဲ့အခါမှာ အသင့်စောင့်နေတဲ့ရဲတပ်ဖွဲ့က မိန်းကလေးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ ရှယ်လီယာသာ မကယ်ဆယ်နိုင်ခဲ့ရင် မိန်းကလေးဟာ လိင်မှုလုပ်သားအဖြစ် ရောင်းစားခံရတော့မယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

တကယ်တော့ စူပါဟီးရိုးဇာတ်လမ်းတွေထဲက လူစွမ်းကောင်းတွေလို စွမ်းအင်တွေ၊သိုင်းပညာတွေ ပိုင်ဆိုင်ထားမှ ကမ္ဘာကြီးကိုကယ်တင်နိုင်တာ ၊ အားနည်းသူတွေဘက်က ရပ်တည်ပေးနိုင်တာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို သတိထားအကဲခတ်တတ်တဲ့အလေ့အကျင့်နဲ့ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်မှု၊ ပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ အများအပေါ်စေတနာထားချင်စိတ်ရှိရင် လူတိုင်းဟာ လူစွမ်းကောင်းတွေဖြစ်နေနိုင်တဲ့အကြောင်း ဒီအဖြစ်အပျက်ကလေးက ဖော်ပြနေပါတယ်။

Ref: The Sun “Heroic air stewardess rescues girl from human trafficker by leaving message in plane’s bathroom after noticing she looked like she’d ‘been through pure hell“
ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top