ပြိုင်ဘက် Bi Nguyen ကိုအခက်တွေ့စေသည့် အန်တိုနီယာ၏ ကြိုးဝိုင်းအတွင်းမှစွမ်းရည် (၃) မျိုး

654237391962523746596194606801023402860193n-1561549659775898115278.jpg

ONE: Master of Destiny တွင် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမယ် အန်တိုနီယာသည် အမေရိကန် ဗီယက်နမ်ကပြား Bi Nguyen နှင့် ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ရခဲ့ပြီဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် အန်တိုနီယာအတွက် စတုထ္ထမြောက်ပွဲဖြစ်ပြီး ONE Championship အက်တမ်ဝိတ်တန်းတွင် နောက်ထပ်ခြေတစ်လှမ်း ထပ်တိုးလိုက်နိုင်ခြင်းလည်းဖြစ်သည်။

ကယန်းတိုင်းရင်းသူ အန်တိုနီယာသည် ONE Championship တွင် (၄) ပွဲကစားထားပြီး (၃) ပွဲအနိုင်ရရှိထားကာ (၁) ပွဲရှုံးနိမ့်ထားသည်။ ၎င်း၏ ပွဲဦးထွက်ပွဲတွင် ပြည်တွင်းပြိုင်ဘက် ရွှေစင်ကို (၂၄) စက္ကန့်ဖြင့် အလဲထိုးပြီး အနိုင်ယူနိုင်ခဲ့သည်။ သို့သော် ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ONE: Kingdom of Hero ပြိုင်ပွဲကြီးတွင် Tiger Muay Thai အသင်းမှ Rika Ishige ကို ပထမအချီတွင်ရှုံးနိမ့်ခဲ့သည်။

အန်တိုနီယာသည် ခါးသီးသည့်အရှုံးကိုရင်ဆိုင်ခဲ့ရသော်လည်း လက်မြှောက်အရှုံးမပေးဘဲ Bali MMA တွင် ပြင်းထန်စွာလေ့ကျင့်သင်ယူခဲ့ပြီး ONE: Reign of Valor တွင် မလေးရှားနိုင်ငံသူ Boniface ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် အန်တိုနီယာ၏ ပြိုင်ဘက်များကို အခက်တွေ့ စေသော တိုက်စစ် (၃) မျိုးကို ဖော်ပြပေးလိုက်ပါသည်။

၁။ မြန်ဆန်သည့် လက်သီးတွဲလုံးများ

အန်တိုနီယာသည် ပြည်တွင်း Boxing ချန်ပီယံတစ်ဦးဖြစ်သည့်အလျောက် လက်သီးထိုးချက်များသည် တိကျမှု အပြည့်ရှိပြီး မြန်ဆန်မှုရှိသည်။ ပြိုင်ဘက်အနေဖြင့် အန်တိုနီယာ၏ ပြင်းထန်သည့်လက်သီးတွဲလုံးများကို မထိမိအောင် တက်နိုင်သမျှအာရုံစိုက်ကြသည်။

အန်တိုနီယာ၏ ပွဲဦးထွက်ပြိုင်ပွဲတွင် ပြည်တွင်းပြိုင်ဘက်ရွှေစင်ကို မြေပြင်တွင်လဲနေသည့်အနေအထားတွင် ခွထိုင်၍ လက်သီးတွဲလုံးများ တရစပ် ပစ်သွင်းခဲ့သည်။ ၎င်း၏ လျင်မြန်ပြီးတိကျသည့် လက်သီးချက်များကြောင့်ပင် ရွှေစင်သည် ဒိုင်ပွဲရပ်ဖြင့်အရှုံးပေးခဲ့ရသည်။ အလားတူပင် အန်တိုနီယာ၏ တတိယပွဲဖြစ်သည့် မလေးရှားနိုင်ငံသူ Boniface ကို ဒုတိယအချီ (၁) မိနစ် (၃၁) စက္ကန့်တွင် လက်သီးတွဲလုံးများဖြင့်ပင် ထပ်မံအနိုင်ယူခဲ့သည်။

အန်တိုနီယာ၏ လက်သီးထိုးချက်များမှာ ဘယ်ညာတွဲလုံးချိန်သားကိုက်ညီပြီး လိုချင်သည့်နေရာကို ထိချက်ကို ရောက်အောင်သွားနိုင်သည့်စွမ်းရည်ရှိသည်။ ပြည်တွင်း Boxing ချန်ပီယံပီပီ ၎င်း၏ လက်သီးစွမ်းရည်သည် ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ရမည့်ပြိုင်ဘက်များ ကြောက်လန့်ရသည့် စွမ်းရည်တစ်ခုလည်း ဖြစ်သည်။

၂။ လျင်မြန်သော ခံစစ်တိုက်စစ်အပြောင်းအလဲ

အန်တိုနီယာသည် ကြိုးဝိုင်းအတွင်း ပြိုင်ဘက်၏ကစားဟန်ကိုကြည့်၍ တိုက်စစ်မှ ခံစစ်၊ ခံစစ်မှ တန်ပြန်တိုက်စစ် ပြောင်းလဲရာ၌ ပါးနပ်လျင်မြန်လှသူ တစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံသူ Rika Ishige နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အန်တိုနီယာ၏ ခံစစ်မှ တိုက်စစ်ကို ရုတ်တရက်ပြောင်းလဲပုံနှင့် တိုက်စစ်ဖွင့် နေချိန်တွင် ပြိုင်ဘက်၏ တန်ပြန်တိုက်စစ်ကိုပြန်လည်ခုခံမှုများမှာ လျင်မြန်လှသည်။

၎င်းသည် ရုတ်တရက် ပြိုင်ဘက်၏တိုက်စစ်ကို ခံစစ်ဖြင့်ကစားနေရချိန်တွင် တန်ပြန်တိုက်စစ်ကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်သူဖြစ်သည်။ မလေးရှားနိုင်ငံသူ Boniface နှင့် ယှဉ်ပြိုင်သည့် ONE: Reign of Valor ပြိုင်ပွဲတွင်လည်း အန်တိုနီယာသည် ပြိုင်ဘက် Boniface ၏ မြေပြင်ချုပ်ကွက် ဖြင့်တိုက်စစ်ဆင်လာခြင်းကို ခုခံရင်း လျှပ်တစ်ပြက်တိုက်စစ်ဖြင့် ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အန်တိုနီယာသည် တိုက်စစ်မှ ခံစစ်၊ ခံစစ်မှ တိုက်စစ် အပြောင်းအလဲပြုလုပ်ရာတွင်လျင်မြန်ပြီး ပြိုင်ဘက်၏ တုံ့ပြန်မှု၊ ကစားဟန်အပေါ်လိုက်ကာ လိုအပ်သလိုပြောင်းလဲနိုင်သည့်စွမ်းရည်သည်လည်း ထူးခြားလှသည်။ ၎င်းစွမ်းရည်သည်လည်း ပြိုင်ဘက် Bi Nguyen တုန်လှုပ်ရမည့် အချက်တစ်ချက် ဖြစ်သည်။

၃။ တိုးတက်လာသည့် ဂျူဂျစ်ဆုပညာ

Bali MMA အသင်းတွင် တစ်နှစ်ကျော်ကာလ လေ့ကျင့်သင်ယူမှုများပြုလုပ်ခဲ့ပြီးနောက် အန်တိုနီယာသည် ၎င်းအားနည်းခဲ့သည့် မြေပြင်ချုပ်ကွက် အပိုင်းတွင် တစ်နေ့တခြား ပိုမိုကောင်းမွန်လာခဲ့သည်။ Rika နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၎င်း၏ ဒုတိယမြောက်ပွဲစဉ်တွင် မြေပြင်ချုပ်ကွက်အပိုင်း အားနည်းချက်များစွာရှိခဲ့သည်။ သို့သော် ONE: Reign of Valor ပြိုင်ပွဲတွင်မူ မြေပြင်ချုပ်ကွက်အပိုင်းများ သိသိသာသာတိုးတက်လာခဲ့သည်။

အန်တိုနီယာ၏ ဂျုဂျစ်ဆုပညာတိုးတက်လာမှုကို အောင်လအန်ဆန်ကိုယ်တိုင်ကချီးမွမ်းခဲ့ပြီး အနာဂတ်တွင် အကောင်းဆုံးအနေအထားဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။ ၎င်းသည် Bali MMA ၏ လေ့ကျင့်မှုဖြင့် မြေပြင်ချုပ်ကွက်တိုက်ခိုက်ခြင်းများကို ပိုမိုကျွမ်းကျင်လာပြီဖြစ်သည်။ ထိုအချက်သည်လည်း Bi Nguyen အတွက် အခက်တွေ့စေမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top