Covid-19 ကူးစက်ရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့လာချိန် အွန်လိုင်းအသုံးပြုသူတို့အနေဖြင့် အွင်လိုင်းမှာ ဘာတွေမျှဝေနေလဲဆိုတာ အထူးသတိချပ်ဖို့ လိုလာပါတယ်။ အတည်မပြုထားတဲ့ မှန်လားမှားလား မသေချာတဲ့ အချက်အလက်တွေဟာ လူတွေကို စိတ်ရှုပ်ထွေးမှုတွေ ဖြစ်စေရုံသာမက မလိုလားအပ်တဲ့ စိုးရိမ်၊ ကြောက်ရွံ့စိတ်တွေကို ဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ မလိုလားအပ်တဲ့ စိုးရိမ်၊ ကြောက်ရွံစိတ်တွေကို လိုက်ဖြန့်နေသလို ဖြစ်စေနိုင်ပါတယ်။
မှန်ကန်ကြောင်း အတည်ပြုပြီးသားသတင်းအချက်အလက်ကိုပဲ မျှဝေမိအောင်သတိထားရင်း သတင်းအမှားပျံ့နှံ့ရောက်ရှိမှု လျော့ချနိုင်ဖို့ ကူညီပေးရမယ့်တာဝန်ဟာ ကျွန်တော်တို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီရဲ့တာဝန် ဖြစ်ပါတယ်။
ကိုယ့်ရဲ့ သတင်းစဉ်မှာ မြင်လိုက်ရတဲ့အကြောင်းအရာတစ်ခုခုကို share နှိပ်ပြီး မမျှဝေခင် အလွယ်တကူစစ်ဆေးနိုင်တဲ့ အဆင့် (၅) ဆင့်ကို Facebook က ထုတ်ပြန်ပေးလိုက်ပါတယ်။
အဆင့် (၁) – ပိုစ့်အကြောင်းအရာကို သုံးသပ်ပါ
သတင်းခေါင်းစဉ်ကို အရင်လေ့လာပါ။ သတင်းအမှားတွေဟာ စာဖတ်သူရဲ့ အာရုံစိုက်လာအောင် စိတ်လှုပ်ရှားစရာ သတင်းခေါင်းစဉ်ပေးပြီး တမင်စာလုံးအကြီး၊ အာမေဍိတ် (!!!) အမှတ်အသားတွေ ထည့်သုံးထားတတ်ပါတယ်။ စိတ်ဝင်စားအောင် သာသာထိုးထိုးရေးထားတဲ့ သတင်းခေါင်းစဉ်၊ မယုံချင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့အချက်အလက်ဟာ – မယုံချင်စရာကောင်းမှန်း သိသာပါတယ်။
သတင်းကို တင်ထားတဲ့ ဝက်ဘ်ဆိုက်နာမည်နဲ့ လိပ်စာ (URL) ကို ကြည့်ပါ။ သံသယဖြစ်စရာ ဝက်ဘ်ဆိုက် နာမည်နဲ့ URL တွေဟာ တစ်ကယ့် နာမည်ကြီး သတင်းဌာနတွေရဲ့ နာမည်နဲ့ ဆင်တူယိုးမှားဖြစ်အောင် “l” အယ်လ်အသေးနေရာမှာ “I” အိုင် အကြီးနဲ့ ရေးထားတာမျိုး၊ “o” အိုနေရာမှာ “0” သုံညနဲ့ ပေါင်းထားတာမျိုးစတဲ့ အများမမြင်သာသတိမထားမိတဲ့ ဆင်တူရိုးမှားတွေလုပ်ထားတတ်ပါတယ်။ မှန်ကန်ယုံကြည့်ရတဲ့သတင်းဌာန ဟုတ်မဟုတ် မသေချာဘူးဆိုရင်တော့ browser window အသစ်တစ်ခုမှာ သတင်းဌာနအစစ်တွေရဲ့ URL နဲ့ ယှဉ်ကြည့်ပြီး မှန်၊ မမှန် စစ်ဆေးဆုံးဖြတ်နိုင်ပါတယ်။
အဆင့် (၂) – ဝက်ဘ်ဆိုက်ကို လေ့လာဆန်းစစ်ပါ
ပိုစ့်မှာပါလာတဲ့လင့်ခ်ကိုနှိပ်ပြီး သတင်းဖတ်တော့မယ်ဆိုရင် သတင်းတင်ထားတဲ့စာမျက်နှာကို အရင် စစ်ဆေးပါ။ စာရေးသူရဲ့ နာမည်ကို ကြည့်ပြီး သူ၊ သူမက ယုံကြည်ရတဲ့ သတင်းရင်းမြစ်ကဟုတ်ရဲ့လား။ တစ်ခြားရောဘာတွေရေးထားတာ ရှိလဲဆိုတာ လေ့လာပါ။ အဲဒီ့ ဝက်ဘ်ဆိုက်ရဲ့ ‘About’ နေရာမှာ ရေးထားတဲ့ သူတို့ ဝက်ဘ်ဆိုက်အကြောင်း၊ အဖွဲ့အစည်းအကြောင်းကို စစ်ဆေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။
ထပ်ပြီး သတင်းတင်ထားတဲ့ အချိန်နဲ့ နေ့စွဲဟာ ပုံမှန်အတိုင်း စနစ်တကျရှိရဲ့လားဆိုတာ သတိပြုသင့်ပါတယ်။ သတင်းဆောင်းပါး တင်ဆက်ပုံက စနစ်တကျ၊ သပ်သပ်ရပ်ရပ် မရှိဘဲ ပုံမှန်မရှိဘူး။ သတင်းစာမျက်နှာ အပြင်အဆင်ကလည်း ဟန်ပန်မကျတဲ့အပြင် စာလုံးပေါင်းအမှား ပါနေတတ်ပါတယ်။ သတင်းအတု တင်လေ့ရှိတဲ့ ဝက်ဘ်ဆိုက်တွေဟာ ဒီလို အသေးစိတ်အချက်တွေကို ဂရုစိုက်လေ့ မရှိပါဘူး။ စာမှာပါတဲ့ ပုံနဲ့ ဗီဒီယိုတွေကလည်း လှည့်စားဖို့ ပြုပြင်ထားတာမျိုးဖြစ်နေတတ်လို့ သံသယနဲ့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။
အဆင့် (၃) – အကြောင်းအရာထဲမှာပါတဲ့ လူတွေရဲ့ ပြောစကားကို လေ့လာကြည့်ပါ
အကြောင်းအရာတစ်ခုထဲမှာ ကျွမ်းကျင်သူကိုရည်ညွှန်းထားတဲ့အပြင် သူတို့ပြောစကားဆိုပြီး ထည့်ရေးထားမယ်။ ဒါပေမယ့် နာမည်တော့မပါဘူး။ ဥပမာ – “နာမည်ကြီး ကျွမ်းကျင်သူတစ်ဦးက ပြောသည်” ဆိုတာမျိုးပါ။ ဒါက သတင်းအမှားတစ်ခုမှာ တွေ့ရတတ်ပါတယ်။ ထပ်ပြီး တစ်ခြား သတင်းအကြောင်းအရာတွေကို မှီငြမ်းရေးသား ထားတာလားဆိုတာ သေသေချာချာ စစ်ဆေးပါ။ ဒါမှမဟုတ် ရေးတဲ့သူ ထည့်သုံးထားတဲ့ အချက်အလက်တွေ မှန်ကန်တိကျမှု ရှိ၊ မရှိ ဆိုတာ စစ်ဆေးပါ။
အဆင့် (၄) – တစ်ခြားမှာတင်ထားတဲ့ သတင်းခေါင်းစဉ်၊ အကြောင်းအရာတွေနဲ့ တိုက်စစ်ပါ
ဆက်လက်ပြီး တစ်ခြားသတင်းရင်းမြစ်တွေကို ထည့်သွင်းဖော်ပြထားလားဆိုတာ စစ်ဆေးပါ။ ဒီ အကြောင်းအရာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေက ယုံကြည်ရတဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန (MOHS) တို့ကနေ တရားဝင်ထုတ်ပြန်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ တရားဝင် ထုတ်ပြန်ချက်တွေ စုံစုံလင်လင် ထည့်ထားရင်တော့ သတင်းအကြောင်းအရာ အမှန် ဖြစ်နိုင်ခြေများပါတယ်။
အဆင့် (၅) – ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ တရားဝင်ထုတ်ပြန်ထားတဲ့ နောက်ဆုံးရ COVID-19 အချက်အလက်တွေကိုပဲ ရယူပါ
ဒီအချက်ကို လိုက်နာမယ်ဆိုရင် ကိုယ်ဖတ်ရှု့မျှဝေနေတဲ့ သတင်းအချက်အလက်တွေက မှန်ကန်တိကျတဲ့ တရားဝင် ထုတ်ပြန်ချက်တွေဆိုတာ စိတ်ချနိုင်ပြီ ဖြစ်ပါတယ်။ နောက်ဆုံးရ သတင်းအချက်အလက်တွေကို
အောက်ဖော်ပြပါ နေရာတွေကနေ တိုက်ရိုက်ကြည့်ရှု့လေ့လာနိုင်ပါတယ်။
● ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) COVID-19 ဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်များ – http://mohs.gov.mm/Main/content/publication/2019-ncov
● MOHS တရားဝင် Facebook စာမျက်နှာ – www.facebook.com/MinistryOfHealthAndSportsMyanmar
● ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ COVID-19 စာမျက်နှာ – https://www.who.int/emergen…/diseases/novel-coronavirus-2019
● မြန်မာနိုင်ငံဆိုင်ရာ WHO အဖွဲ့ – https://www.who.int/myanmar
အချုပ်အနေနဲ့ ပြောရရင် အွန်လိုင်းပေါ်မှာ ဘယ်လို အကြောင်းအရာကို ဖတ်နေလဲဆိုတာနဲ့ ယုံကြည် စိတ်ချရပြီး မှန်ကန်တယ်လို့ ကိုယ်တိုင် သိထား၊ ယုံကြည်ထားတဲ့ သတင်းမျိုးကိုပဲ မျှဝေနေတာလားဆိုတာ အလေးအနက် စဉ်းစားကြည့်ဖို့လိုပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို လက်တွေ့ စပြီး အသုံးချဖို့ တိုက်တွန်းပါတယ်။
တစ်ကယ်လို့ သတင်းအမှားဖြစ်နိုင်တဲ့ ပိုစ့်တစ်ခုကို တွေ့ပြီဆိုရင် အဲဒီ့ပို့စ့်ရဲ့ ညာဘက်ထိပ်က အစက်လေး (၃) စက် ကိုနှိပ်၊ အကူအညီ ရယူရန် (သို့မဟုတ်) တိုင်ကြားရန် ကို ဝင်ရောက်ပြီး သတင်းအမှား ဆိုတာ တိုင်ကြားပေးဖို့ ချီတုံချတုံ ဖြစ်မနေပါနဲ့။
ပို့စ်တစ်ခုကို ဘယ်လိုတိုင်ကြားရမလဲဆိုတာ အသေးစိတ် ပိုပြီး သိချင်ရင် Facebook ရဲ့ Help Center မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် – https://www.facebook.com/help/1380418588640 631/
သတင်းအမှားကို ဘယ်လိုစစ်ရမလဲဆိုတာ https://www.facebook.com/help/1881188 08357379 မှာ အသေးစိတ် ထပ်ပြီး လေ့လာနိုင်ပါတယ်။
Team (ရိုးရာလေး)