လေအိတ်ရထားတွဲသစ်များ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

5-1-2021-yyl-01.jpg

ရန်ကုန် ဇန်နဝါရီ ၅
တရုတ်နိုင်ငံမှ မှာယူထားသော လေအိတ်ရထားတွဲသစ်(အဲကွန်းပါ) အထက်တန်းတွဲနှင့် ရိုးရိုးတန်းတွဲ စုစုပေါင်း ၂၈ တွဲသည် ဇန်နဝါရီ ၄ ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ရိုးရာလေးကို ပြောသည်။

”အသစ်တွေပါ။ လက်ဖက်ရည်တင်ထားတာတောင် မမှောက်တဲ့အနေအထားမျိုးရှိတဲ့၊ အရင်တုန်းကသုံးတဲ့ ရန်ကုန်-မန္တလေးလမ်းပိုင်းက အကောင်းဆုံးဆိုတဲ့ လေအိတ်ရထားမျိုးတွေပါ။ အဲကွန်းတွေလည်း ပါပါတယ်”ဟု ဦးအောင်သူလတ်က ပြောသည်။

သီလဝါဆိပ်ကမ်းသို့ အထက်တန်း ၁၄ တွဲ၊ ရိုးရိုးတန်း ၁၄ တွဲ၊ စုစုပေါင်း ၂၈ တွဲရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေအရ ဇန်နဝါရီ ၅ ရက်အထိ သင်္ဘောပေါ်မှ ချနေဆဲဖြစ်ရာ ၁၄ တွဲသည် မြေပေါ်သို့ရောက်ရှိကာ သံလမ်းပေါ်ကို သွားရောက်ပို့ဆောင်နေပြီဟု ၎င်းက ဆိုသည်။

”ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင်ဆိုတဲ့လမ်းတွေမှာ ပြေးဆွဲ ခဲ့တာတွေရှိတယ်။ အဲဒီလမ်းပိုင်းတွေမှာပဲ ခရီးသည်များတဲ့နေရာကိုကြည့်ပြီး ထည့်သွင်းပြေးဆွဲဖို့ စဥ◌်းစားနေတယ်” ဟု ဦးအောင်သူလတ်က ပြောသည်။

ယခုကဲ့သို့ရောက်ရှိလာသည့် ရထားတွဲသစ်များသည် တရုတ်ချေးငွေအောက်မှ မှာယူထားခြင်းဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက စတင်ပြေးဆွဲခဲ့သော ရထားတွဲအုပ်စုများမှ ဖြည်းဖြည်းချင်း ရောက်ရှိလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ့မီးရထားအနေဖြင့် မီးရထားလမ်းများကို ချေးငွေများဖြင့် ပြင်ဆင်လျက်ရှိသည့်အပြင် နိုင်ငံတော် ဘတ်ဂျက်မှလည်း တတ်နိုင်သလောက် ကောင်းမွန်စေရန်ဆောင်ရွက်လျက်ရှိရာ လမ်းပိုင်းကောင်းမွန်လာသည့် အချိန်တွင် ခရီးသည်များ သက်တောင့်သက်သာဖြင့် မြန်မြန်ဆန်ဆန်ရောက်ရှိစေရန်အတွက် အဆင့်မြင့်ရထားတွဲ များကို ဖြည့်စီးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Photo – မြန်မာ့မီးရထား

KST ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top