စားသုံးသူအကြိုက်သိပြီး ထိတွေ့မှုမဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ Opaala app

30.12.2021yyl14.jpg

ကိုယ်သဘောအကျဆုံး စားသောက်ဆိုင်ကို သွားပြီး ကိုယ့်အတွက် သီးသန့်ဖန်တီးထားတဲ့ စားဖွယ်စုံစာရင်းကနေ မှာယူရသလို ဖြစ်စေမယ့် Opaala app ကတော့ ကပ်ရောဂါကာလမှာ လူကြိုက်များတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ဂီးလ်ရိုက်နဲ့ မာဝမ်ဆက်တို့က Opaala ပလက်ဖောင်းကို ဒူဘိုင်းမြို့မှာ စတင်ခဲ့ကြတာပါ။ ” Opaala က ပုံရိပ်ယောင်စားပွဲထိုးပါပဲ။ စားသုံးသူတွေရဲ့ ဖုန်းထဲမှာ စားသောက်ဖွယ်စာရင်း ရှိမယ်။ ပြီးတော့ ဘေလ်တောင်းလို့ရမယ်၊ ဘေလ်ရှင်းလို့ရမယ်။ စားဖိုခန်းကို တိုက်ရိုက်အော်ဒါမှာလို့ရမယ်” လို ဂီးလ်ရိုက်က ဆိုပါတယ်။

မှတ်ဉာဏ်တုနဲ့ machine-learning (လူလို တွေးနိုင်အောင် ဖန်တီးထားတဲ့ ကွန်ပျူတာစနစ် ) အသုံးပြုထားတဲ့ Opaala app ဟာ စားသုံးသူ ဘယ်ဆိုင်ကြိုက်လဲ၊ ဘယ်အစားအသောက်ကြိုက်လဲ၊ ဘယ်အစားအသောက်တွေနဲ့ မတည့်ဘူးလဲဆိုတာကို လေ့လာမှတ်သားထားနိုင်စွမ်း ရှိပါတယ်။

အဲဒီအချက်အလက်တွေကြောင့် စားသုံးသူကို ပိုအဆင်ပြေ လွယ်ကူစေမယ့်အပြင် စားသောက်ဆိုင်တွေအနေနဲ့လည်း သူတို့ဆီမှာ လာစားတဲ့သူတွေက ဘယ်လိုစားစရာကို ကြိုက်လဲဆိုတာ ကြည့်ပြီး စားဖွယ်စုံစာရင်း ( Menu) ကို အပြောင်းအလဲ လုပ်လို့ရစေမှာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စားသောက်ဆိုင်တွေက ထိတွေ့မှုမရှိတဲ့ ဝန်ဆောင်မှုကို အာရုံစိုက်လာကြလို့ Opaala app ကို အသုံးပြုသူ ပိုများလာပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံ ၁၄ နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင် ၃၅၀ ကျော်မှာ Opaala ကို အသုံးပြုနေကြပြီး တစ်နှစ်အတွင်း ကမ္ဘာ့အနှံ့ ပျံ့နှံ့လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း မာဝမ်ဆက်က ပြောပါတယ်။

Ref: CNN “Dubai’s virtual waiter startup sees a surge in demand during the Covid-19 pandemic”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top